မတ္တရာမှာ ဗုံးကြဲခံရပြီး ကလေး အပါအဝင် ငါးဦးသေဆုံး

RFA Burmese
2025.03.14
မတ္တရာမှာ ဗုံးကြဲခံရပြီး ကလေး အပါအဝင် ငါးဦးသေဆုံး မန္တလေးတိုင်း မတ္တရာမြို့တစ်နေရာကို တွေ့ရစဉ်။
Photo: RFA

ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ခြမ်းကို စစ်ကောင်စီတပ်က မတ် ၁၁ ရက်နေ့မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ၁၀ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် အရပ်သားငါးဦး သေဆုံးတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

တိုက်ပွဲတွေရှိနေတဲ့ မတ္တရာအရှေ့ခြမ်းကို စစ်ကောင်စီတပ်က မကြာခဏ ဗုံးကြဲတိုက်နေပြီး မတ် ၁၁ ရက်နေ့ ဗုံးကြဲတိုက်ခိုက်မှုမှာ မန္တလေးမြို့နဲ့ မိုင်နှစ်ဆယ်ခန့်အကွာက ဝသုန္ဒရရွာမှာရှိတဲ့ နေအိမ်ပေါ် ကျရောက်ပေါက်ကွဲလို့ တစ်မိသားစုတည်းက ငါးဦး သေဆုံးတာလို့ ကာကွယ်ရေးတပ်ဖွဲ့တစ်ဦးက RFA ကို ပြောပါတယ်။

“ပြီးခဲ့တဲ့ရက် (မတ် ၁၁) က လေကြောင်းနဲ့တိုက်တာ အိမ်ပေါ်ကို တည့်တည့်ကျပြီး မိသားစုလိုက် ဆုံးသွားတာ ရှိတယ်။ ထိခိုက်တဲ့သူတွေလည်း များတယ်။ မနေ့ကလည်း ထန်းပင်ကုန်းရွာဘက်ကို လက်နက်ကြီးနဲ့ တောက်လျှောက်ထုနေတာ။ ပြီးတော့ လေကြောင်းနဲ့လည်း Alpha ဘိလပ်မြေစက်ရုံနားတစ်ဝိုက်ကို လာပစ်သေးတယ်”

သေဆုံးသူ ငါးဦးအပြင် နောက်ထပ် ဆယ်ဦးထက်မနည်း ဒဏ်ရာရခဲ့ပြီး သေဆုံး၊ ထိခိုက်သူတွေရဲ့ အသေးစိတ်အချက်အလက်တွေကို မသိရသေးဘူးလို့ သူက ပြောပါတယ်။

ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မတ္တရာနဲ့ ပုသိမ်းကြီးမြို့နယ်အစပ်မှာရှိတဲ ဖယောင်းတောင် ရွှေလုပ်ကွက်နဲ့ Alpha ဘိလပ်မြေစက်ရုံတို့ကို ပြန်လည်သိမ်းယူနိုင်ဖို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာနဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေတာတွေကြောင့်လည်း ထိတွေတိုက်ပွဲတွေ နေ့စဥ်နီးပါး ရှိနေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောရေးဆိုခွင့်ရှိသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

၁၀၂၇ စစ်ဆင်ရေးအတွင်း မန္တလေးတိုင်း မိုးကုတ်၊ သပိတ်ကျင်း၊ စဥ့်ကူး၊ မတ္တရာ၊ မြင်းခြံ၊ တောင်သာမြို့နယ်က နယ်မြေအများစုကို စစ်ကောင်စီတပ်က လက်လွှတ်ခဲ့ရတာပါ။

အဲဒီနောက် တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ၁၀၂၇ စစ်ဆင်ရေး အရှိန်လျော့လာချိန် လက်လွှတ်ခဲ့ရတဲ့ နယ်မြေတွေကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ပြန်လည် ထိုးစစ်ဆင်နေတာလို့ ကာကွယ်ရေးတပ်တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။