အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ မြန်မာနိုင်ငံမှာ ထဘီအလံလွှင့်ဆန္ဒပြ

ကျော်အောင်လွင်(ဝါရှင်တန် ဒီစီ)
2021.03.08

ဒီကနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ရဲ့ ရွေးချယ်ထားတဲ့ဆောင်ပုဒ်က စိန်ခေါ်မှုကို ရွေးချယ်ခြင်းဆိုတာပါပဲ။ အထူးသဖြင့် စစ်အာဏာသိမ်းပြီး အကြမ်းဖက်ဖြိုခွဲမှုတွေ၊ ခြိမ်းခြောက်ဖမ်းဆီး နှိပ်စက်မှုတွေ နေ့တိုင်းလိုလိုကြုံနေရတဲ့ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေအတွက် စိန်ခေါ်မှုတွေက ကြီးကြီးမားမားရှိနေပြီး ဒီစိန်ခေါ်မှုတွေကိုလည်း မြန်မာအမျိုးသမီးတွေက သတ္တိရှိရှိနဲ့ ရင်ဆိုင်လှုပ်ရှား နေကြပါတယ်။

စစ်တပ်နဲ့ ရဲတွေရဲ့ အကြမ်းဖက် နှိပ်ကွပ်မှုတွေကြားကပဲ ရန်ကုန်၊ ကချင်ပြည်နယ် မြစ်ကြီးနား၊ ချင်းပြည်နယ် ကန်ပက်လက်၊ ရှမ်းပြည်နယ်နဲ့ တခြားနေရာတွေမှာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဒီကနေ့ ဆင်နွှဲခဲ့ကြပါတယ်။ မြန်မာအမျိုးသမီးတွေ ဒီနှစ်မှာ ထူးထူးခြားခြား ကျင်းပခဲ့တဲ့အကြောင်း ကျားမ တန်းတူ ညီမျှရေး ကွန်ရက်ရဲ့ ညွှန်ကြားရေးမှူး ဒေါ်မေစပယ်ဖြူက ရှင်းပြပါတယ်။

မြန်မာအမျိုးသမီးထုက စစ်အာဏာရှင်ကို အမြစ်ဖြတ် တွန်းလှန်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အပြည်ပြည် ဆိုင်ရာ အမျိုးသမီးများနေ့ကို ဆင်နွှဲခဲ့ကြတယ်လို့ ဒေါ်မေစပယ်ဖြူက ပြောပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပြည်လုံးကျွတ်ဆန္ဒပြပွဲတွေမှာရော အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုတွေ မှာရော မြန်မာနိုင်ငံက အမျိုးသမီးတွေ ရဲရဲရင့်ရင့်နဲ့ တက်တက်ကြွကြွ ပါဝင်လှုပ်ရှား နေတာကို ကမ္ဘာက မြင်နေရပါတယ်။ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူတွေအတွက် နောက်တန်းကနေရော ဘေးကနေပါ ကူညီပံ့ပိုးနေကြတဲ့ အမျိုးသမီးတွေလည်း အမြောက်အမြား ရှိပါတယ်။ စစ်တပ်နဲ့ ရဲတွေက အကြမ်းဖက် ဖြိုခွဲမှုတွေကြောင့် ဆန္ဒပြပွဲတွေမှာ သေဆုံးခဲ့ရသူတွေထဲမှာလည်း အမျိုးသမီးတွေ ပါဝင်နေတဲ့အကြောင်း ဒေါ်မေစပယ်ဖြူက ဆက်ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ အထင်ရှားဆုံး အမျိုးသမီးခေါင်းဆောင်ဖြစ်တဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဟာလည်း စစ်တပ်ရဲ့ဖမ်းဆီးမှုကို အာဏာသိမ်းတဲ့နေ့ကတည်းက ခံနေရပြီး ပုဒ်မတစ်ခုပြီးတစ်ခုနဲ့ တရားစွဲခံနေရပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်တချို့လည်း အဖမ်းခံရသူတွေရှိသလို တိမ်းရှောင်နေရသူတွေလည်း ရှိနေပါတယ်။ ဒီလို အဖိနှိပ် ခံနေရတဲ့ အခြေအနေတွေကြားမှာပဲ မြန်မာနိုင်ငံက အမျိုးသမီးတွေက စစ်အာဏာရှင် အုပ်ချုပ်မှုကို ဆက်ပြီး အံတုနေကြတာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။