လွိုင်ကော်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသူတစ်ဦးအပါအဝင် ခြောက်ဦးပြန်လွတ်
2024.06.05
ကယားပြည်နယ်၊ လွိုင်ကော်အကျဉ်းထောင်ကနေ နိုင်ငံရေးအကျဉ်းသူတစ်ဦးအပါအဝင် အကျဉ်းသား စုစုပေါင်း ခြောက်ဦး ဇွန်လ ၄ ရက်နေ့မှာ ပြန်လွတ်လာတယ်လို့ ကရင်နီ နိုင်ငံရေးအကျဉ်းသားများအစည်းအရုံး (KPPA) က ထုတ်ပြန်ပါတယ်။
ပြန်လွတ်လာသူတွေထဲမှာ အသက် ၆၀ အရွယ် နိုင်ငံရေးအကျဉ်းသူတစ်ဦးနဲ့ တခြားအမှုနဲ့ ထောင်ဒဏ်ကျခံခဲ့ရသူ အသက် ၃၀ ကျော်အရွယ် အမျိုးသားငါးဦးတို့ ပါဝင်ပါတယ်။
သူတို့အားလုံးက လွတ်ရက်စေ့လို့ ပြန်လွတ်လာတာလို့ ကရင်နီ နိုင်ငံရေးအကျဉ်းသားများအစည်းအရုံး (KPPA) ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုထားဖိုက RFA ကို ပြောပါတယ်။
"နိုင်ငံရေးအကျဉ်းသူ အဒေါ်ကတော့ ၁၉ (စ) နဲ့ ဆက်သွယ်ရေးပုဒ်မ၆၆ (ဂ) တို့နဲ့ ထောင်ချခံထားရတာပါ။ ကျန်လူတွေကတော့ မူးယစ်ဆေးဝါး ရောင်းဝယ်လို့ ထောင်ချခံရတာ လေးဦးနဲ့ တပ်မတော် အက်ဥပဒေနဲ့ ရင်ဆိုင်ခဲ့ရသူ တစ်ဦး ပါ ပါတယ်"
ပြန်လွတ်လာသူတွေထဲက အမျိုးသားနှစ်ဦးကိုတော့ နေအိမ်တွေကို ပြန်လည်ပို့ဆောင်ပေးလိုက်ပြီး နောက်ထပ် ကျန်နေသေးသူတွေကိုလည်း နေအိမ်တွေကို ပို့ပေးဖို့ ပြင်ဆင်နေတယ်လို့ သူက ပြောပါတယ်။
လွိုင်ကော်အကျဉ်းထောင်ထဲမှာတော့ နိုင်ငံရေးအမှုနဲ့ ထောင်ချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား နှစ်ရာနီးပါး ကျန်ရှိနေသေးတယ်လို့ ဆိုပါတယ်။
လွိုင်ကော်အကျဉ်းထောင်ဟာ တိုက်ပွဲဇုန်ထဲကျရောက်နေပြီး စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ထားသလို အစားအသောက်နဲ့ ဆေးဝါးလိုအပ်ချက်တွေလည်း ရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားအရေး ကူညီပေးနေ သူတွေက ပြောပါတယ်။
နိုင်ငံရေးကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇွန်လ ၄ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း နိုင်ငံရေးနဲ့ ဆက်စပ်ပြီး လူပေါင်းနှစ်သောင်းကျော် (၂၀,၅၅၈ ဦး) ဖမ်းဆီးခံထားရဆဲဖြစ်ပြီး အဲဒီအထဲက လူ ကိုးထောင်ကျော် (၉၁၄၇ ဦး) ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။