အချုပ်က ထွက်ပြေးလာတဲ့ နိုင်ငံရေးအကျဉ်းသား သုံးဦး ရေးဘီလူးအဖွဲ့ထံ ခိုလှုံ
2025.02.05

မွန်ပြည်နယ်၊ ရေး မြို့မရဲစခန်း အချုပ်ကနေ ထွက်ပြေးလွတ်မြောက်သွားတဲ့ နိုင်ငံရေးအကျဉ်းသား လေးဦးထဲက သုံးဦးကို ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့ဖြစ်တဲ့ ရေးဘီလူးအဖွဲ့က ကယ်ဆယ်ထားတယ်လို့ တာဝန်ရှိသူတွေက ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသား လေးဦးဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့က ရေး မြို့မရဲစခန်း အချုပ်ကနေ ထွက်ပြေးခဲ့ကြတာဖြစ်ပြီး သုံးဦးက ဆက်သွယ်ခိုလှုံလာတာလို့ အဖွဲ့ခေါင်းဆောင် ရေးဘီလူးက RFA ကို ပြောပါတယ်။
"၁ ရက်နေ့က တစ်ယောက်၊ ၂ ရက်နေ့မှာ တစ်ယောက်၊ ၃ ရက်နေ့မှာ တစ်ယောက်၊ စုစုပေါင်း သုံးယောက်ပေါ့နော်။ အကုန်လုံးက ထောက်ပို့လုပ်ရင်း၊ PDF အဖြစ် ဖမ်းခံရတဲ့ လူတွေပါပဲ။ ၅၀ (ည) တို့နဲ့ စွဲခံထားရတဲ့သူတွေပါ"
လတ်တလော လုံခြုံရေးအခြေအနေတွေရ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ နာမည်နဲ့ အသေးစိတ် အချက်အလက်တွေကို ထုတ်ဖော်ပြောဆိုလို့ မရသေးကြောင်း သူက ဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသား လေးဦးဟာ အစောင့်ရဲတပ်ဖွဲ့ဝင်တွေရဲ့ သေနတ်ကို လုယူထွက်ပြေးတာဖြစ်ပြီး အပြန်အလှန် ပစ်ခတ်မှုကြောင့် ရဲသုံးဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မွန်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးစောကြည်နိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
၂၀၂၃ ခုနှစ်၊ မေလကလည်း ပဲခူးတိုင်း တောင်ငူထောင်ကနေ နိုင်ငံရေးအကျဉ်းသား ခုနစ်ဦးနဲ့ သေဒဏ်ကျအကျဉ်းသား သုံးဦး ထောင်တွင်းတရားရုံးမှာ ရုံးထုတ်စစ်ဆေးချိန် သေနတ်လု ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။