ဒိုက်ဦးထောင်မှာ နိုင်ငံရေးအကျဉ်းသူ ၁၃ ဦး တိုက်ပိတ်ခံထားရကြောင်း WOPP ထုတ်ပြန်

RFA Burmese
2025.02.06
ဒိုက်ဦးထောင်မှာ နိုင်ငံရေးအကျဉ်းသူ ၁၃ ဦး တိုက်ပိတ်ခံထားရကြောင်း WOPP ထုတ်ပြန် ပဲခူးတိုင်း၊ ဒိုက်ဦးဗဟိုအကျဉ်းထောင်။
Citizen Photo

ပဲခူးတိုင်း ဒိုက်ဦးထောင်မှာ အသစ်ပြောင်းရွှေ့လာတဲ့ ဦးစီးမှူးက နိုင်ငံရေးအကျဉ်းသူ ၁၃ ဦးကို မခြေမငံပြန်ပြောလို့ဆိုပြီး ဇန်နဝါရီလ ၂၄ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၆ ရက်နေ့အထိ တိုက်ပိတ်ထားတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP)က ထုတ်ပြန်ပါတယ်။

ထောင်ဦးစီးမှူးအသစ်က သူရဲ့လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ပြီး အမျိုးသမီးနိုင်ကျဉ်းတွေကို ဖိနှိပ်တာလို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) တာဝန်ခံ မဇူးဇူးမေယွန်းက ပြောပါတယ်။

"လက်ရှိမှာ အမျိုးသမီးနိုင်ငံရေးအကျဉ်းသူ ၁၃ ဦးကို တိုက်ပိတ်ထားတဲ့ အကြောင်းအရင်းကတော့ အသစ်ပြောင်းလာတဲ့ ဦးစီးမှူးက အမျိုးသမီးနိုင်ငံရေးအကျဉ်းသူတွေကို မချေမငံဆက်ဆံတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သူတို့ရဲ့လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ပြီး နိုင်ငံရေးအကျဉ်းသူတွေကို ဖိနှိပ်ပြီးတော့ အတင်းအဓမ္မပိတ်လှောင်တယ်လို့လည်းပဲ ကျွန်မတို့က သုံးသပ်မိပါတယ်"

လက်ရှိဒိုက်ဦးထောင်မှာ နိုင်ငံရေးအကျဉ်းသူတွေအတွက် ဆေးဝါးလိုအပ်ချက် ဆိုးဝါးနေပြီး အကျဉ်းထောင်ဘက်က အကိုက်အခဲပျောက်ဆေးတောင် မပေးတော့ဘူးလို့လည်း ဆိုပါတယ်။

ဒါ့အပြင် ဒိုက်ဦးထောင်က အမျိုးသမီးအဆောင်ထဲမှာ ဆေးရုံနဲ့ ဆေးပေးခန်းလည်း မရှိတာကြောင့် တစ်ခုခုအရေးပေါ်ဖြစ်ပြီဆိုရင် အချိန် နှစ်နာရီလောက်ကြာတယ်လို့ သိရကြောင်းလည်း မဇူးဇူးမေယွန်းက ပြောပါတယ်။

ဒီထောင်မှာ အမျိုးသမီးကိုယ်ဝန်သည်တွေလည်းရှိသလို နိုင်ကျဉ်းမိခင်နဲ့ ကလေးငယ်တွေလည်းရှိပြီး ကျန်းမာရေးကိစ္စ ဆိုးဆိုးဝါးဝါးကြုံတွေ့ခံစားနေရတယ်လို့လည်း ဆိုပါတယ်။

WOPP အနေနဲ့ အကျဉ်းထောင်အတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို ဖော်ထုတ်ပြီး ကူညီပေးနေတဲ့အပြင် ဒီလိုကိစ္စတွေ ထပ်မဖြစ်အောင် သက်ဆိုင်ရာ ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်သွားမယ်လို့လည်း ရေးသားထားပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ အကျဉ်းဦးစီးဌာနပြောခွင့်ရသူ ဒုတိယညွှန်ကြားရေးမှူးချုပ်ရုံးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ အောက်တိုဘာလ ၂၁ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းကာလအတွင်း အမျိုးသမီးတစ်ထောင်ကျော် (၁၂၃၆ ဦး) သေဆုံးပြီး ခြောက်ထောင်နီးပါး (၅၇၁၂ ဦး) ဖမ်းဆီးခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။