စစ်ကောင်စီကို နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ပြင်းပြင်းထန်ထန် ကန့်ကွက်

RFA Burmese
2025.01.06
စစ်ကောင်စီကို နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ပြင်းပြင်းထန်ထန် ကန့်ကွက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်က တွေ့ရသည့် နေပြည်တော် အကျဉ်းထောင်အဝင်ဂိတ် မြင်ကွင်း။
Photo: AFP

ဇန်နဝါရီလ လေးရက်နေ့က အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတာနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းပြောခဲ့တဲ့ အချက်အလက်တွေ မှန်ကန်မှုမရှိကြောင်းနဲ့ မှားယွင်းမှုကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ဇန်နဝါရီလ ၆ ရက်နေ့မှာ စုပေါင်းကြေညာချက် ထုတ်ပြန်ပါတယ်။

စစ်ကောင်စီက နိုင်ငံရေးအမြတ်ထုတ်တဲ့အနေနဲ့ အရေအတွက်ကို လိမ်လည်ထုတ်ပြန်တာကို ကန့်ကွက်တာလို့ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်တဲ့ ကိုဗျတ္တက RFA ကိုပြောပါတယ်။

"အမှန်တကယ် လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားအရေအတွက်က စစ်ကောင်စီထုတ်ပြန်တဲ့ အရေအတွက်နဲ့ တော်တော်လေး ကွာဟနေတာကို တွေ့ရပါတယ်။ စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားတွေကို အသုံးချပြီး အခုလို လိမ်လည် နိုင်ငံရေးအမြတ်ထုတ်နေတာ အကြိမ်ကြိမ်ရှိနေပါပြီ"

လွတ်ငြိမ်းချမ်းသာခွင့်မှာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ နဲ့ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားခြောက်ရာကျော်ပါဝင်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မီဒီယာတွေမှာ ထုတ်ပြန်ပြောဆိုထားပါတယ်။

နိုင်ငံရေးအကျဉ်းသားအရေးကူညီနေတဲ့ အဖွဲ့အစည်းတွေက ကောက်ယူထားတဲ့ စာရင်းတွေအရ လွတ်မြောက်လာသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသားသုံးရာကျော်သာ ပါဝင်ကြောင်း ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီအနေနဲ့ နိုင်ငံတကာဖိအားလျော့အောင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးခဲ့တာဖြစ်ပြီး အရေအတွက်ကိုလည်း လိမ်လည်ထုတ်ပြန်တာလို့ ကိုဗျတ္တက ပြောပါတယ်။

စစ်ကောင်စီကို ကန့်ကွက်တဲ့ ထုတ်ပြန်ချက်ကို နိုင်ငံရေးအကျဉ်းသားဟောင်း ၂၆ ဦးပူးပေါင်းထုတ်ပြန်တာလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ကောက်ယူထားတဲ့စာရင်းတွေအရ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တဲ့အထဲမှာ ရန်ကုန်အင်းစိန်အကျဉ်းထောင်က တစ်ရာဝန်းကျင်အပါအဝင် နိုင်ငံရေးအကျဉ်းသား ၃၄၄ ဦးသာ ပါဝင်ကြောင်း ဇန်နဝါရီ ၆ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။