ပြည်သူတွေကိုအကြမ်းမဖက်ဖို့ ရှမ်းလက်နက်ကိုင်အဖွဲ့တွေကို ဒေသခံတွေ တောင်းဆို
2021.06.29
မေလ ၃၁ ရက်နေ့က နမ့်ခမ်းမြို့နယ် မန်ဆွမ်းကျေးရွာက ရှမ်းလူငယ်အဖွဲ့ဒု-ဥက္ကဋ္ဌဖြစ်သူ အသက်ငါးဆယ် အရွယ် စိုင်းဆန် ခမ်းအိုက်နဲ့ ကူတို့ဆိပ်မှာ အလုပ်လုပ်တဲ့သူ သုံးယောက်ကို ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တပ်ဖွဲ့က ဖမ်းဆီးသွားခဲ့ပြီး စိုင်းဆန်ခမ်းအိုက်က သေဆုံးသွားခဲ့တယ်လို့ ကျေးရွာဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
SSPP က ကူတို့ဆိပ် အလုပ်သမား သုံးဦးကို ပြန်လွှတ်ပေးခဲ့ပေမယ့် စိုင်းဆန်ခမ်းအိုက်ကတော့ သေဆုံးသွား ခဲ့ပြီဖြစ်ကြောင်း ဇွန်လ ၂၇ ရက်နေ့ ညပိုင်းမှာ အကြောင်းပြန်လာတယ်လို့ မန်ဆွမ်ကျေးရွာက လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လူငယ်တစ်ဦးက RFA ကို ပြောပါတယ်။
"သုံးဆယ့်တစ်ရက်ငါးလက ဖမ်းသွားတာ ဖမ်းသွားပြီးတော့ နှစ်ဆယ့်ခုနှစ်ရက်ခုနှစ်လမှ စာပြန်ရောက် တာလေ၊ စာပြန်ရောက်တော့ သူကဆုံးသွားပြီ မရှိတော့ဘူးလို့ အဲလိုပြောတာလေ၊အလောင်းကို ပြန်တွေ့ ချင်တာပေါ့ သေသွားရင်လည်း အဲဒါ သူတို့ကို ပြန်သွားတောင်းတာ နှစ်ဆယ့်ခုနှစ်ရက်နေ့ညနေပေါ့၊ ညခုနှစ်နာရီဝန်းကျင်ပေါ့ သူ့မိ သားစုနဲ့ ရွာသူ၊ ရွာသား အားလုံးစုပြီးသွားတောင်းတာ၊ သူတို့က ပြန်မပေး တာမကဘဲနဲ့ သေနတ်ဖောက်ပြီး ပြန်ခြိမ်းခြောက်လိုက်တာ"
ရှမ်းပြည်နယ်ထဲမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တို့ နယ်မြေအငြင်းပွားမှုတွေအရ အချင်းချင်း ပစ်ခတ်နေကြပြီး စစ်ရေးတင်းမာနေကြတာဖြစ်ပါတယ်။
စိုင်းဆန်ခမ်းအိုက်ဟာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်ဖွဲ့က အရာရှိဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံရပြီး သေဆုံးသွားပြီလို့ အကြောင်းကြားလာချိန်မှာ ကျေးရွာသားတွေက အလောင်း ပြန်ပေးဖို့ SSPP တပ်သားတွေရှိတဲ့နေရာကို သွားရောက်တောင်းဆိုရာမှာ SSPP တပ်ဖွဲ့တွေက သူတို့ မသိကြောင်းပြောပြီး သေနတ်နဲ့ ပစ်ဖောက်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။
ဒီဖြစ်ရပ်နဲ့ဆက်စပ်လို့ ဇွန်လ ၂၈ ရက်နေ့က နမ့်ခမ်းမြို့မှာ ရှမ်းလူငယ်တွေ ဦးဆောင်ပြီး လူဉ်ီးရေရာနဲ့ချီပြီး SSPP အဖွဲ့ကို ဆန္ဒပြခဲ့ကြပါတယ်။ ဒီလိုဆန္ဒပြနေတုန်းမှာပဲ ဗုံးနှစ်လုံးပေါက်ကွဲခဲ့လို့ အမျိုးသား နှစ်ဦးသေ ဆုံးခဲ့သလို အမျိုးသမီးတစ်ဦး ဒဏ်ရာရသွားတယ်လို့ အခင်းဖြစ်နေရာ အနီးမှာရှိနေတဲ့ အမျိုးသားတစ်ဦးက RFA ကို ပြောပါတယ်။
"လူတစ်ယောက်ကို SSPP က ဖမ်းသွားတယ်ပေါ့နော်၊ အဲဒါကို မိသာစုတွေရယ် ဒေသခံတွေရယ်ပေါ့နော်၊ သူတို့တွေက သွားတောင်းတယ်ပေါ့၊ သေသွားလို့ရင်လည်း အလောင်းပေးဆိုပြီးမှ သွားတောင်းတယ်ပေါ့ ညဖက်ကိုလေ၊ အဲကနေပြီးတော့ မိသားစုတွေရယ်၊ နမ့်ခမ်းမြို့က လူငယ်တွေရယ် အင်အားနှစ်ရာလောက် က မနေ့က နေ့လယ် တစ်နာရီလောက်မှာ စုပြီးတော့ ဆန္ဒထွက်ပြတာပေါ့၊ SSPPအလိုမရှိကြောင်းနဲ့ ထွက်သွားပေးဖို့ပေါ့နော်၊ ပြီးရင် သူတို့ အကြမ်းဖက် SSPP သူတို့ အလို မရှိဘူးပေါ့၊ အဲလိုကြွေးကြော် သံတွေနဲ့ ဆန္ဒပြပြီး ပြည်ထောင်စုလမ်းမကြီးအတိုင်း အပြန်မှာ ဈေးထိပ်နားမှာ စပြီးတော့ ကွဲတာပေါ့၊ မြို့လယ်ဘုရားရှေ့နားမှာ တစ်လုံးကျတော့ ဆိုင်ကယ်နဲ့သွားနေတဲ့ အမျိုးသမီးနှစ်ယောက်က ဒဏ်ရာ ရတယ်၊ အမျိုးသားနှစ်ယောက်တော့ ချက်ချင်းအဲဒီနေရာမှာပဲ သေသွားတာပေါ့၊ သေဆုံးတော့ သူတို့ရဲ့ အနားမှာပဲ ပစ်စတိုတစ်လက်လည်း ကျနေတာပေါ့နော်"
နမ့်ခမ်းမှာ ခုလိုဖြစ်သွားတဲ့ အခြေအနေနဲ့ပတ်သက်လို့ ပြည်တွင်းက ရှမ်းအဖွဲ့အစည်းတွေနဲ့ ထိုင်း၊ ဂျပန်၊ ကိုရီးယား စတဲ့ပြည်ပနိုင်ငံတွေရောက် ရှမ်းအဖွဲ့အစည်း ၁၈ ဖွဲ့တို့က သေဆုံးသူတွေအတွက် အမှုမှန်ပေါ်ရေးနဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက်မှုကို ကန့်ကွက်ကြောင်း ဇွန်လ ၂၈ ရက် နေ့က ထုတ်ပြန်ခဲ့ပါတယ်။
"အလောင်းကို ပြန်တွေ့ချင်တာပေါ့၊ သေသွားရင်လည်း အဲဒါ သူတို့ကို ပြန်သွားတောင်းတာ"
ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး SSPP တပ်ဖွဲ့ကတော့ သူတို့တပ်ဖွဲ့လက်ချက် မဟုတ်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို အခုလို အကြမ်းဖက်မှုအတွက် ကန့်ကွက်ကြောင်း ချက်ချင်းဆိုသလို ထုတ်ပြန်ခဲ့ပါတယ်။
မန်ဆွမ်းရွာသား စိုင်းဆန်ခမ်းအိုက်ကို သူတို့အဖွဲ့က ခေါ်ယူစစ်မေးနေတုန်း မေလ ၂၅ ရက်နေ့မှာ သွေးတိုး ရောဂါနဲ့ သေဆုံးသွားတာဖြစ်ကြောင်း SSPP က ပြန်လည်ရှင်းပြပါတယ်။ အလောင်းပြန်ပေးဖို့ ဒေသခံက တောင်းဆိုနေတဲ့အပေါ် RFA က မေးမြန်းတာမှာတော့ SSPP ပြောခွင့်ရ ဗိုလ်မှူး စိုင်းဘုန်းဟန်က အခုလို ပြောပါတယ်။
"ရှိနေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ လူအင်အားတွေရော၊ လက်နက်တွေရော၊ နာမည်စာရင်း အရင်ဆုံး လာပေးပါဆိုပြီး ကျွန်တော်တို့ စာအရင်ထုတ်ပါတယ်။ မန်ဆွမ်းရွာ တစ်ရွာလုံးက RCSS တပ်ဖွဲ့ တွေ မရှိပါဘူး၊ အမှီသဟဲပြုမှု မရှိပါဘူးဆိုပြီး နောက်ပိုင်းကျတော့ မဟုတ်တော့ဘူးလေ၊ ကျွန်တော်တို့ရဲ့ အုပ်ချုပ်ရေးပိုင်းတွေရော၊ သွားလာနေတဲ့သူတွေရော သူတို့က လိုက်လံချောင်းမြောင်း ပစ်ခတ်မှုတွေ ရှိခဲ့တယ်၊ နှစ်ဆယ့်ကိုးရက်ငါးလမှာ ကျွန်တော်တို့ အုပ်ချုပ်ရေးပိုင်းရှိတဲ့နေရာကို RCSSက လာပြီးတော့ ပစ်ခတ်တယ်၊ မန်ဆွမ်း ကျေးရွာနားမှာပဲ၊ ဆိုတော့ သူ့ရဲ့ အာမခံချက်နဲ့ သူရဲ့ ထွက်ဆိုချက်က မကိုက်ညီ ဘူးဆိုပြီးတော့ သွေးတိုးတက်ပြီး ဆုံးသွားတယ်ဆိုတဲ့အကြောင်း ကျွန်တော်တို့ အစီခံရရှိပါတယ်ခင်ဗျ"
မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်အကြား တရုတ်နယ်စပ်က ရွှေလီချိုင့်ဝှမ်းဒေသဟာ မောရှမ်းလို့ခေါ်တဲ့ ရှမ်း တိုင်းရင်းသားတွေ အဓိကနေထိုင်ကြတာဖြစ်ပြီး SSPP နဲ့ RCSS တပ်တွေ လှုပ်ရှားသွားလာနေကြတဲ့ ဒေသလည်းဖြစ်ကာ လက်နက်ကိုင်တပ် အချင်းချင်းလည်း စစ်ရေးအရ တင်းမာကြတဲ့ အခြေအနေမှာ ရှိနေပါတယ်။
၂၀၁၅ ခုနှစ်နောက်ပိုင်း RCSS တပ်ဖွဲ့ NCA ထိုးပြီးနောက်ပိုင်းမှာ ရှမ်းမြောက်ဒေသ နမ့်ခမ်း၊ ကျောက်မဲ၊ သီပေါ၊ နမ္မတူ စတဲ့မြို့နယ်တွေမှာ ဝင်ရောက်လှုပ်ရှားလာခဲ့ပြီး အဲဒီဒေသအတွင်း လှုပ်ရှားနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားလာခဲ့ပါတယ်။
အဲဒီဒေသအတွင်းက ရှမ်းတိုင်းရင်းသားတွေကြားမှာလည်း RCSS ထောက်ခံသူနဲ့ SSPP ထောက်ခံသူတွေ ကွဲပြားလာခဲ့ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ ပြီးခဲ့တဲ့ မေလဆန်းပိုင်းကစလို့ SSPP တပ်ဖွဲ့က RCSS သိမ်းပိုက်ထားတဲ့ သူတို့မူလနေရာတွေကို ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်လာနေတာပါ။
SSPP တပ်ဟာ ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်းမှာဆိုရင် TNLA တပ်ဖွဲ့နဲ့ ပူးပေါင်းပြီး RCSS သိမ်းပိုက်ထားတဲ့ နေရာတွေကို ပြန်လည်သိမ်းပိုက်ခဲ့သလို ကျေးသီးမြို့နယ်အတွင်းမှာဆိုရင်လည်း SSPP ဌာနချုပ် ဝမ်ဟိုင်းအနီးက RCSS သိမ်းပိုက်ထားတဲ့ လွယ်ဟုန်းတောင်ကြောကို ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။

တိုင်းရင်းသား အချင်းချင်းတိုက်ပွဲတွေဖြစ်တဲ့ နမ္မတူမြို့နယ်အတွင်းနဲ့ သီပေါမြို့နယ်အတွင်းမှာ RCSS က ဒေသခံတွေကို ဖမ်းဆီးခဲ့တာရှိပြီး အများစုက ဒီနေ့အထိ ပြန်မလွတ်သေးသလို TNLA တပ်ဖွဲ့က ဖမ်းဆီး သွားတဲ့ ဒေသခံတွေလည်း ရှိနေပါတယ်။
တဆက်တည်းမှာပဲ SSPP တပ်ဖွဲ့ဟာ နမ္မတူမြို့မြို့နယ်အတွင်းမှာ ရှိတဲ့ဒေသခံလူထုနဲ့ တွေ့ဆုံတာတွေ လုပ်ခဲ့သလို သူတို့ထိန်းချုပ်ရာနယ်မြေတွေအတွင်းမှာ အုပ်ချုပ်ရေးပိုင်းတွေကို ပြန်လည်တည်ဆောက် တာ ကျေးရွာအချို့မှာ လူသစ်စုဆောင်းတာတွေကိုပါ လုပ်ဆောင်လာတယ် လို့ဒေသခံ တွေက RFA ကိုပြော ပါတယ်။
တန့်ယန်း၊ မိုင်းရယ်၊ နမ္မတူမြို့နယ်တွေမှာ လူငယ်ခေါင်းဆောင်တွေ ကျေးရွာသူကြီးတွေ ဖမ်းဆီးခံရတာတွေ ရှိခဲ့ပါတယ်။ ဒီကနေ့မှာဆိုရင် တန့်ယန်းမြို့နယ်အတွင်းက ဖမ်းဆီးခံရသူတွေထဲက လေးဦး ပြန်လည်လွတ် မြောက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
SSPP ကတော့ ရှမ်းပြည်နယ်အတွင်း သူတို့တပ်ဖွဲ့ လှုပ်ရှားရာနေရာတွေမှာ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း စစ်မှုထမ်းရမယ်ဆိုတဲ့မူအရ ဆောင်ရွက်နေတာဖြစ်ပြီး ဒါကိုလူထုက လက်မခံရင် သူတို့အနေနဲ့မူဝါဒတွေကို ညှိနှိုင်းပြင်ဆင်နိုင်အောင် ဆောင်ရွက်မယ်လို့ ပြောပါတယ်။ လတ်တလောမှာ အဲဒီအခြေအနေနဲ့ ပတ်သက်လို့ RCSS ပြောခွင့်ရသူတွေကို ဆက်သွယ်တာမှာတော့ ဆက်သွယ်လို့ မရသေးပါဘူး။
ဒေသခံတွေနဲ့ တိုင်းရင်းသားအရေး လေ့လာသူတွေကတော့ လတ်တလော ရှမ်းမြောက်ဒေသအတွင်း တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်းကြား ပြသနာကြောင့် လူထုဒုက္ခရောက်နေမှုတွေ လျော့ချဖို့ဆိုရင် တွေ့ဆုံဆွေးနွေးရေးကသာ အဖြေဖြစ်တယ်လို့ သုံးသပ်နေကြပါတယ်။