ပြည်ပမှ ချေးငွေလေးရပ် တစ်နှစ်အတွင်း ရနိုင်ဖွယ်မရှိ
2014.10.05

ပြီးခဲ့တဲ့ ပြည်ထောင်စု လွှွတ်တော်မှာ အတည်ပြု ပြီးဖြစ်တဲ့ ပြည်ပချေးငွေ လေးခုဟာ အခုအစိုးရ လက်ထက်မှာ မရရှိနိုင်ဘူးလို့ ဘဏ္ဍာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ဒီနေ့ ရန်ကုန် လွှတ်တော်ရုံးမှာ မီဒီယာတွေနဲ့ တွေ့ဆုံစဉ် ပြော ပါတယ်။
ချေးငွေချေးယူရာမှာ လုပ်ငန်းအဆင့်ဆင့် ကျော်ဖြတ် ရတာကြောင့် အချိန်ကြာတာဖြစ်တယ်လို့ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်က ပြောပါတယ်။
" ကျွန်တော်တို့ နိုင်ငံအနေအထားအရ လိုငွေပြနေတဲ့ ဘတ်ချက်ဖြစ်တဲ့အတွက် နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုကို သက်သာသောချေးငွေများ ရယူဆောင်ရွက်ခြင်းဟာ ကျွန်တော်တို့ နိုင်ငံ တစ်ခုတည်း မဟုတ်ပါဘူး၊ နိုင်ငံအားလုံးက ကမာ့္ဘနိုင်ငံအစုံက ဆောင်ရွက်နေတဲ့ အနေအထားဖြစ်ပါတယ်၊ အဲ့တော့အခုယူ တဲ့ ချေးငွေတွေ တကယ်တမ်းပြောမယ်ဆိုရင် အခုပြီးခဲ့တဲ့ ပြည်ထောင်စု လွှတ်တော်မှာ ချေးငွေလေးခု အတည်ပြုခဲ့ပါတယ်၊ ချေးငွေလေးခုဟာ ဒီအစိုးရ သက်တမ်းမှာရမလားဆိုတာ မသေချာပါဘူး၊ ဒါတွေဟာ နောင်ဆက်လက်ဆောင်ရွက်သွားရမယ့် လုပ်ငန်းတွေဖြစ်ပါတယ်၊ ဥပမာ သန်းတစ်ရာ ယူမယ်ဆိုရင် တစ်နှစ်ကို သန်းတစ်ရာပုံပေးလိုက်တဲ့ အနေအထားမဟုတ်ပါဘူး၊ ဒီဟာသည် အပိုင်းလိုက် အပိုင်းလိုက် ခွဲဝေသတ်မှတ်ပေးတဲ့ အနေအထားဖြစ်ပါတယ်"
မြန်မာနိုင်ငံရဲ့ ပြည်ပကြွေးမြီ ပမာဏဟာ မတ်လ ၃၁ ရက်နေ့အထိ စာရင်းများအရ အမေရိကန်ဒေါ်လာ သန်းတစ်သောင်းနီးပါး ရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဝန်ကြီးဌာနတွေ အလိုက် ပြည်ပက ချေးငွေ ရယူနေတာလည်းရှိပြီး အမျိုးသားစီမံကိန်းနဲ့ စီးပွားရေးဝန်ကြီးဌာနက စီစစ်ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။
ကမ္ဘာ့ဘဏ်၊ အာရှဖွံဖြိုးရေးဘဏ်၊ ပဲရစ်ကလပ် စတဲ့ အဖွဲ့အစည်းတွေကနေ မြန်မာနိုင်ငံက တင်ရှိနေတဲ့ ခေတ်အဆက်ဆက် ကြွေးမြီတွေကို ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်မှာ ရှင်းလင်းပေးဆပ်ခဲ့ပြီးနောက် ချေးငွေတွေ အခုလိုထပ်မံရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဒီနေ့ သတင်းစာရှင်းလင်းပွဲကို နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်း၊ ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်နဲ့ အမျိုးသား စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်တို့ ဦးဆောင်ဖြေကြားခဲ့ကြပါတယ်။