မြန်မာပြည်သူတွေရဲ့ ဆန္ဒကို အားပေးထောက်ခံဖို့ CDM တွေ နိုင်ငံတကာကို တောင်းဆို
2024.08.23

စစ်ကောင်စီ ဦးဆောင်ကျင်းပမဲ့ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်မှာ မဟုတ်တာကို နိုင်ငံတကာက ကောင်းစွာသိရှိဖို့နဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို အားပေးထောက်ခံဖို့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM အဖွဲ့တွေက နိုင်ငံတကာကို ဩဂုတ်လ ၂၃ ရက်နေ့က ကြေညာချက်ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေ အပါအဝင် အိမ်နီးချင်း အာဆီယံနိုင်ငံတွေ၊ ကမ္ဘာ့နိုင်ငံတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက မြန်မာပြည်သူတွေရဲ့ သဘောထားအမှန်ကို သိရှိနားလည်ထားတာမရှိကြောင်း ယူဆတာကြောင့် ထုတ်ပြန်တောင်းဆိုတာလို့ ဆိုပါတယ်။
ဒီကြေညာထုတ်ပြန်ချက်ကို မန္တလေးဒေသ အကြမ်းမဖက်အာဏာဖီဆန်ရေးအဖွဲ့ (MCDMO)၊ မွန်ပြည်နယ် CDM နိုင်ငံဝန်ထမ်းများကောင်စီ (CCSSMON)၊ လွတ်လပ်သော CDM အင်အားစုနဲ့ အခြေခံပညာ ပညာရေးဘုတ်အဖွဲ့များကော်မတီ (CBBE) တို့က ပူးတွဲထုတ်ပြန် တောင်းဆိုလိုက်တာပါ။
နိုင်ငံတကာအနေနဲ့ သုံးနှစ်ကျော်အတွင်း တိုးတက်မှုမရှိတဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို ပြန်လည်သုံးသပ်ပြီး အာဏာရှင်စနစ်ဖျက်သိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး ကြိုးပမ်းတိုက်ပွဲဝင်နေတဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို သိရှိအောင် ကြိုးစားဖို့ လိုအပ်တယ်လို့လည်း တိုက်တွန်းထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေကို နိုင်ငံတကာက တိုက်ရိုက်ချိတ်ဆက်ပြီး လိုအပ်နေတဲ့ လူသားချင်းစာနာမှုအကူအညီတွေပေးဖို့နဲ့ မြန်မာဒုက္ခသည်တွေကို အိမ်နီးချင်းနိုင်ငံတွေက ကာကွယ်စောင့်ရှောက် လက်ခံပေးဖို့ တောင်းဆိုထားပါတယ်။
ဒါ့အပြင် လေယာဉ်ဆီတင်သွင်းကန့်သတ်ပိတ်ပင်တာအပါအဝင် လေကြောင်းတိုက်ခိုက်မှုကျူလွန်နေတဲ့ စစ်ကောင်စီတပ်နဲ့ ဆက်စပ်တဲ့အဖွဲ့တွေကို ထိရောက်တဲ့ အရေးယူမှုတွေ ချက်ချင်းလုပ်ဆောင်ဖို့လည်း တိုက်တွန်ထားပါတယ်။