ရိုဟင်ဂျာအရေး နည်းလမ်းရှာဖို့ နိုင်ငံတကာကို ဘင်္ဂလားဒေ့ရှ် တိုက်တွန်း
2023.09.07

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာတွေအရေး ဖြေရှင်းနိုင်အောင် ရေရှည်ခံတဲ့ နည်းလမ်းရှာဖွေဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို ဘင်္ဂလားဒေ့ရှ် သမ္မတ မိုဟာမက် ရှာဟာဘူဒင်က ပြောလိုက်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ စက်တင်ဘာ ၇ ရက်က ကျင်းပတဲ့ အရှေ့အာရှညီလာခံမှာ ဘင်္ဂလားဒေ့ရှ် သမ္မတ မိုဟာမက် ရှာဟာဘူဒင်က ပြောလိုက်တာပါ။
ရိုဟင်ဂျာဒုက္ခသည်တွေ သူတို့ဆန္ဒအရ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်နိုင်ရေးနဲ့ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့တွေရအောင် နိုင်ငံတကာအနေနဲ့ အရေးတကြီးဆောင်ရွက်ဖို့လိုနေတယ်လို့လည်း ဘင်္ဂလားဒေ့ရှ် သမ္မတက ပြောပါတယ်။
အရှေ့အာရှညီလာခံကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ခေါင်းဆောင်တွေအပြင် အမေရိကန်၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယနဲ့ သြစတြေးလျစတဲ့ ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်လည်း တက်ရောက်ခဲ့ပြီး မြန်မာစစ်ခေါင်းဆောင်တွေအနေနဲ့ မြန်မာပြည်သူတွေရဲ့ လိုလားချက်တွေကို နားထောင်ဖို့နဲ့ နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေးပြီး ဒီမိုကရေစီစနစ်ကို ပြန်လည်ကျင့်သုံးဖို့ အာဆီယံထိပ်သီးညီလာခံ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးကြောင့် ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရတာဖြစ်ပြီး လက်ရှိအချိန်မှာ ရိုဟင်ဂျာဒုက္ခသည် တစ်သန်းကျော် ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေရတာပါ။
အဲဒီဒုက္ခသည်တွေ နေရပ်ပြန်ပို့ဖို့ ၂၀၁၈ ခုနှစ်ထဲက မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ စီစဉ်နေပေမဲ့ ဒီနေ့အချိန်ထိ တရားဝင် ပြန်လာသူမရှိသေးပါဘူး။
စစ်ကောင်စီကတော့ ရိုဟင်ဂျာဒုက္ခသည် ခုနစ်ထောင်ကို ဒီနှစ်မကုန်ခင်မှာ ပြန်လက်ခံဖို့ စီစဉ်ထားတယ်လို့ စက်တင်ဘာ ၅ ရက်နေ့က ပြောထားပါတယ်။
ပြန်လည်လက်ခံရေးစီစဉ်ထားတာတွေကိုလည်း ရိုဟင်ဂျာဒုက္ခသည် ကိုယ်စားလှယ်တွေနဲ့ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ သီရိလင်္ကာ အပါအဝင် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးတွေက တာဝန်ရှိသူတွေကို စစ်ကောင်စီက ပြသထားပါတယ်။