မြန်မာ့အရေးကို အာရုံစိုက်ဖို့ နိုင်ငံတကာကို သံအမတ်ကြီး တိုက်တွန်း

RFA Burmese
2024.11.15
မြန်မာ့အရေးကို အာရုံစိုက်ဖို့ နိုင်ငံတကာကို သံအမတ်ကြီး တိုက်တွန်း အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ၂ဝ၂၄ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့က ကျင်းပသည့် "အပြည်ပြည်ဆိုင်ရာ တရားရုံးရဲ့ အစီအရင်ခံစာ" ဆွေးနွေးပွဲတက်ရောက်လာသည့် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း။
Permanent Mission of Myanmar to the United Nations

စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို စစ်ကောင်စီက ဆက်လက် ကျူးလွန်နေပြီး ရိုဟင်ဂျာတွေအပါအဝင် မြန်မာပြည်သူတွေဟာ အသက်အိုးအိမ်စည်းစိမ်တွေ နေ့စဉ် စတေးနေရတယ်လို့ ကုလသမဂ္ဂ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောလိုက်ပါတယ်။

၂၀၁၇ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အတွင်း ရိုဟင်ဂျာတွေ ကြုံတွေ့ခဲ့ရတဲ့ ပဋိပက္ခတွေ၊ အကြမ်းဖက်ခံရမှု၊ ကတိကဝတ်ချိုးဖောက်ခံရတာတွေအပါအဝင် ရှေ့ဆက်တရားမျှတမှု လိုလားချက်တွေနဲ့ ပတ်သက်ပြီး နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့မှာ တနင်္လာနေ့က ဆွေးနွေးပွဲလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က နိုဝင်ဘာလ ၁၄ ရက်နေ့ ကြာသာပတေးနေ့မှာ ထုတ်ပြန်လာတာပါ။

ဒီဆွေးနွေးပွဲကို NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို လူကိုယ်တိုင်တက်ရောက်ခဲ့ပြီး ဦးကျော်မိုးထွန်းကတော့ အွန်လိုင်းကနေ တက်ရောက် ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက အရပ်သားတွေအပေါ် စစ်ရေးအရှိန်မြှင့်လာသလို ရွာတွေကိုမီးရှို့တာ၊ အရပ်သားတွေကို အစုလိုက်အပြုံလိုက်သတ်တာတွေကြောင့် မြန်မာပြည်သားတွေဟာ မကြုံစဖူး အလုံးအရင်းလိုက် နေရပ်စွန့်ခွာရတာတွေ ဖြစ်နေရတယ်လို့ သံအမတ်ကြီးက တင်ပြပါတယ်။

ရိုဟင်ဂျာတွေအနေနဲ့လည်း စစ်ကောင်စီရဲ့ အတင်းအကျပ် တပ်သားစုဆောင်းတာတွေကြောင့် ထွက်ပြေးနေ ရပြီး ဒီပြဿနာဟာ ဘင်္ဂလားဒေ့ရှ်အပါအဝင် တခြားဒေသတွင်းနိုင်ငံတွေကိုပါ ထိခိုက်လာနေတယ်လို့ ထောက်ပြပါတယ်။

စစ်ကောင်စီကို အပြည်ပြည်ဆိုင်ရာတရားရုံး တရားရုံးမှာ နိုင်ငံ့ကိုယ်စား ကိုယ်စားပြုခွင့်ပေးထားတာ အပါအဝင် တရားမဝင်လုပ်ရပ်တွေအတွက် ဥပဒေကြောင်းအရ အခွင့်အရေး မပေးဖို့ကိုလည်း သံအမတ်ကြီးက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာက မြန်မာအရေးကို အာရုံစိုက်ပေးဖို့၊ ရွေးကောက်ပွဲကို ကန့်ကွက်ဖို့၊ စစ်ကောင်စီကို အရေးယူပိတ်ဆို့မှုတွေလုပ်ဖို့၊ စစ်ကောင်စီရဲ့ ကျူးလွန်မှုတွေအတွက် လုံခြုံရေးကောင်စီက အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးကို လွှဲပြောင်းပေးဖို့ စတဲ့အချက်တွေကိုလည်း တိုက်တွန်းခဲ့ပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ တိုက်တွန်းချက်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ တုံ့ပြန်ချက်ကို သိရဖို့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ဝါရှင်တန်ဒီစီရုံးက ဖုန်းဆက်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေကြား တာမရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။