စစ်ကောင်စီရဲ့ အရပ်သားတွေအပေါ် အကြမ်းဖက်မှု နိုင်ငံတကာ လက်မခံ
2023.04.12

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်တာနဲ့ ပတ်သက်ပြီး မလေးရှား နိုင်ငံခြားရေးဝန်ကြီးက အရပ်သားတွေကို ဘယ်လိုပုံစံမျိုးနဲ့ဖြစ်ဖြစ်အကြမ်းဖက်တာ ဒါမှမဟုတ် ကြမ်းကြမ်းတမ်းတမ်းဆက်ဆံတာကို မလေးရှားနိုင်ငံအနေနဲ့ ဆန့်ကျင်ကန့်ကွက်တယ်လို့ ပြောကြောင်း မလေးရှားနိုင်ငံထုတ် Bernama သတင်းက ဧပြီလ ၁၂ ရက်နေ့ မနေ့က ဖော်ပြပါတယ်။
နိုင်ငံတကာ ဥပဒေကိုလေးစားလိုက်နာရမယ်။ တာဝန်ရှိသူတွေ တာဝန်ယူမှုတာဝန်ခံမှု ရှိရမယ်။
ဆွစ်ဇာလန်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ပြင်းပြင်ထန်ထန်ပြစ်တင်ရှုတ်ချလိုက်ပြီး အကြမ်းဖက်မှုတွေ ချက်ချင်းအရှိန်လျှော့ဖို့နဲ့ ဒဏ်ရာရသူတွေကို ဆေးဝါးကုသပေးဖို့ တိုက်တွန်းပါတယ်။
နော်ဝေနိုင်ငံခြားရေးဝန်ကြီးရဲ့ ထုတ်ပြန်တဲ့ကြေညာချက်မှာ အရပ်သားတွေကို တိုက်ခိုက်တာအပါအဝင် အကြမ်းဖက်မှုအားလုံး ရပ်ဆိုင်းရမယ်။ နိုင်ငံတကာ ဥပဒေကိုလေးစားလိုက်နာရမယ်။ တာဝန်ရှိသူတွေ တာဝန်ယူမှုတာဝန်ခံမှု ရှိရမယ်လို့ ဖော်ပြပါတယ်။
စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်မှာ စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်တဲ့ သတင်းတွေကြောင့် အထူးစိုးရိမ်ပူပန်ပြီး မြန်မာစစ်ကောင်စီ ရဲ့လုပ်ရပ်ကို ပြင်းပြင်းထန်းထန်ရှုတ်ချကြောင်း သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
ဒီလိုအကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့လည်း စစ်ကောင်စီကို တိုက်တွန်းထားပါတယ်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာကို ဧပြီ ၁၁ ရက်နေ့က စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ သေဆုံးခဲ့တဲ့ အရပ်သား ၁၁၆ ဦးရှိပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီး နော်စူစန်နာလှလှစိုး က RFA ကို ဧပြီလ ၁၂ ရက်နေ့မှာ ပြောထားပါတယ်။