လောင်းလုံးတိုက်ပွဲမှာ စစ်ကောင်စီတပ်က ရှစ်ဦးသေဆုံးကြောင်း ကာကွယ်ရေးအဖွဲ့ပြော

RFA Burmese
2025.01.09
လောင်းလုံးတိုက်ပွဲမှာ စစ်ကောင်စီတပ်က ရှစ်ဦးသေဆုံးကြောင်း ကာကွယ်ရေးအဖွဲ့ပြော လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာတွင် တိုက်ပွဲဖြစ်နေသည့် မြင်ကွင်းတစ်ခုအား ၂ဝ၂၄ ခုနှစ် ဒီဇင်ဘာလနှောင်းကပိုင်းက တွေ့ရစဉ်။
Photo: Launglone People Defence Force- LLPDF

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စမ်းလှမ်းရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ရှစ်ဦးသေဆုံးခဲ့တယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုက ဇန်နဝါရီလ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဇန်နဝါရီလ ၇ ရက်နေ့က လက်ခတ်တောင်တာဝါတိုင်စခန်းကို စစ်ကူ‌လာတဲ့ အင်အား ၄၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ရေကြောင်းကနေပါ ပစ်ခတ်ခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"မနက် ၆ နာရီလောက်ကစပြီး နေ့လယ် ၁၁ လောက်ထိဖြစ်တယ်။ ပွဲကကြမ်းတယ် ပင်လယ်ပြင်က စစ်သင်္ဘော ၅၆၅ ဝင်လာပီး သင်္ဘောက ထုတယ်။ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးများတယ် ‌ဒီဘက်ကလည်း ရဲဘော်တစ်ယောက်ကျသွားတယ် တချို့ဒဏ်ရာရတယ်"

စစ်ကောင်စီတပ်က ဗိုလ်ကြီးအဆင့်ရှိတဲ့ ယာယီစစ်ကြောင်းမှူး တစ်ဦးအပါအဝင် ရှစ်ဦးကျော် သေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း ရေးသားထားပါတယ်။

တိုက်ပွဲမှာ ထားဝယ်ခရိုင်တပ်ပေါင်းစုနဲ့အတူ နွေဦးပြောက်ကျားတပ်ဖွဲ့လည်း ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး တစ်ဦး သေဆုံးခဲ့တာပါ။ နှစ်ဘက်ထိခိုက်သေဆုံးမှုအရေအတွက်ကို RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာကို ဒီဇင်ဘာလ ၂၃ ရက်ကနေ ၂၇ ရက်အထိ ငါးရက်ကြာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ ခြေမြန်တပ်ရင်း ခမရ (၄၀၅) တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်သား လေးဆယ်ခန့် သေဆုံးကြောင်း လောင်းလုံးမြို့နယ်အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့က RFA ကို ဇန်နဝါရီလ ၆ ရက်နေ့က ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။