လောက်ကိုင်မြို့က ဆေးရုံတစ်ရုံ လေကြောင်းတိုက်ခိုက်ခံရပြီး သေဆုံးမှုတွေရှိ
2024.08.02

ကိုးကန့်တပ် (MNDAA) ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့က တုံချိန်နဲ့ ကျင်မောက်ဒေသကို သြဂုတ်လ ၂ ရက် ဒီနေ့မနက် တစ်နာရီမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးမှုတွေရှိခဲ့တယ်လို့ ကိုးကန့်တပ် (MNDAA) ရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို အတည်ပြုပြောပါတယ်။
လားရှိုးမြို့က အရှေ့မြောက်တိုင်း စစ်ဌာချုပ် စစ်တိုင်းရုံးကို ကိုးကန့်တပ် (MNDAA) က ထိုးစစ်ဆင်နေချိန်မှာပဲ လောက်ကိုင်မြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့တာပါ။
ဒီတိုက်ခိုက်မှုအတွင်း တုံချိန်ဒေသက ပြည်သူ့ဆေးရုံ အဆောက်အအုံတချို့လည်း မီးလောင်ပျက်စီးပြီး ဆေးရုံတတ်ရောက်ကုသနေတဲ့ လူနာတချို့ ထိခိုက်သေဆုံးခဲ့ပါတယ်။
ထိခိုက်သေဆုံးတဲ့အခြေအနေ အသေးစိတ်ကို မသိရသေးဘူးလို့ ကိုးကန့်တပ် (MNDAA) ရဲ့ တာဝန်ရှိသူက RFA ကို ပြောပါတယ်။
“ဟုတ်တယ်၊ ဗုံးကြဲတိုက်ခိုက်ခံရတာ။ အဆောက်အအုံအများစု မီးတွေလည်း အကုန်လောင်သွားတယ်။ အသေးစိတ်ကို မကြာခင်ထုတ်ပြန်ပါလိမ့်မယ်”
ဗုံးကြဲခံရလို့ ပျက်စီးထိခိုက်သွားတဲ့နေရာတွေကို နယ်မြေရှင်းလင်းရေး လုပ်နေတယ်လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်နေ့ကလည်း တုံချိန်ဒေသကို လေကြောင်းတိုက်ခိုက်ခဲ့လို့ တစ်ဦးသေဆုံးပြီး နောက်ထပ် ဆယ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။
လောက်ကိုင်မြို့ဟာ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းအတွင်း ကိုးကန့်တပ် (MNDAA) က စစ်ကောင်စီရဲ့ အထူးဒေသအုပ်ချုပ်မှုအောက်ကနေ ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။