လားရှိုးဒေသမှာ လက်နက်ကိုင်အဖွဲ့ ပစ်ခတ်မှု ၃ ဦး သေဆုံး


2016.01.07

ဇန်နဝါရီလ ၄ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် မန်လုန်းကျေးရွာမှာ လက်နက်ကိုင်တပ်ဖွဲ့ တစ်ဖွဲ့က ကျေးရွာထဲ ဝင်ရောက်ပစ်ခတ်တာကြောင့် မန်လုန်းရွာခံ ၁ဝဝ ကျော်ဟာ နေရပ်စွန့်ခွာထွက်သွားနေကြ ပါတယ်။

အဲ့ဒီလို ပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦး၊ အမျိုးသားနှစ်ဦး သေဆုံးခဲ့သလို ကျေးရွာသူကြီးနဲ့ ရွာသားတချို့လည်း ဖမ်းဆီးခံထားရတယ်လို့ ထွက်ပြေးလာသူတွေကို အကူအညီပေးနေတဲ့ ကျားခေါင်းပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ကိုစိုင်းဝမ်းလှိုင်ခမ်းက ပြောပါတယ်။

"ရွာကလူတွေ ပြေးလာတယ်၊ နမ့်ပေါင်ရောက်တော့မှ ကျနော်တို့ ပါတီအဖွဲ့တွေကို လာတင်ပြတယ်၊ အဲ့ဒီကနေ ကျနော်တို့ အဖွဲ့တွေကနေ ကျနော်တို့ဆီကို ဖုန်းဆက်ပြီးတော့မှ အဲ့ဒီမှာ ထွက်ပြေးနေရတယ် ရာနဲ့ချီပေါ့နော်၊ အဲ့ဒီမှာ ၃ ယောက်လောက် သေတယ် ကြားရတယ်ခင်ဗျ၊ ကလေးလည်းပါတယ် လို့ ပြောပြတာတော့ ရှိပါတယ်၊ ဖမ်းထားတာတွေလည်းရှိတယ်လို့ ကြားရပါတယ်ခင်ဗျ၊ ၂ ယောက်ပေါ့ သူကြီးကိုဖမ်းထားတယ်၊ နောက်တစ်ယောက်လည်း နှိပ်စက်ထားတယ်လို့ ကျနော်ကြားရတယ်"

ဝင်ရောက်ပစ်ခတ်တဲ့တပ်တွေ ဘယ်သူတွေဆိုတာ အတိအကျ မသိရှိရပါဘူး။

မနေ့ညနေက မန်ပန်ဌာနေပြည်သူ့စစ်အဖွဲ့က မန်လုန်းကျေးရွာအောက်ဘက် နားကာကျေးရွာနဲ့ အနီးတစ်ဝိုက် ရွာတွေက ဒေသခံတွေကို တစ်ရွာ ၅ ယောက်နှုန်းနဲ့ ပစ္စည်းထမ်းဖို့ ခေါ်ဆောင်သွားတယ်လို့လည်း ကျေးရွာ သားတွေက ပြောပါတယ်။

ထွက်ပြေးလာသူတွေဟာ အမျိုးသမီးတွေနဲ့သက်ကြီးရွယ်အိုတွေ အများစုဖြစ်ပြီး တောထဲမှာ ၃ ရက်လောက် ပုန်းအောင်းနေခဲ့ရတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။