အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်သမား အခွင့်အရေးချိုးဖောက်မှု ပိုဆိုးလာကြောင်း FGWM ပြော
2024.05.01

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ လုပ်ငန်းခွင် ဖိနှိပ်ချုပ်ချယ်မှုတွေ ပိုဆိုးလာတယ်လို့ မြန်မာနိုင်ငံ အထွေထွေ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (FGWM) က ဒီနေ့ကျရောက်တဲ့ (၁၃၄) ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ (May Day) မှာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ဟာ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) မှာပါဝင်ခဲ့တဲ့ အစိုးရဝန်ထမ်းတွေနဲ့ အလုပ်သမားခေါင်းဆောင်တွေကို ဖမ်းဆီးထောင်ချပြီး ပြင်းပြင်းထန်ထန် ညှင်းပန်းနှိပ်စက်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဖမ်းမခံရတဲ့ အလုပ်သမားအများစုလည်း လုပ်ငန်းခွင်ဖိနှိပ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့အတူ ဆက်လက်ရုန်းကန်နေရတယ်လို့ ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် တိမ်းရှောင်နေတဲ့ အလုပ်သမားသမဂ္ဂခေါင်းဆောင်တစ်ဦးက RFA ကို ပြောပါတယ်။
“စစ်ကောင်စီနဲ့ ပူးပေါင်းထားတဲ့ အလုပ်ရှင်တွေက အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တွေကို အကြောင်းမဲ့ အလုပ်ထုတ်ခဲ့တယ်။ လုပ်ခလစာဖြတ်တောက်တယ်။ ကိုယ်ဝန်ဆောင်မိခင်တွေကို မီးဖွားခွင့်မပေးဘူး။ အမျိုးသမီးအလုပ်သမားတွေအပေါ် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားတယ်။ အဓမ္မပြုကျင့်တယ်။ အန္တရာယ်များတဲ့ လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်ရတယ်။ အတင်းအဓမ္မ လုပ်အားစေခိုင်းတယ်။ အဲဒါတွေမလုပ်ရင် အလုပ်ထုတ်တယ်။ ထိခိုက်ဒဏ်ရာရတဲ့ အလုပ်သမား နစ်နာကြေးမပေးဘူး။ ဆေးကုမပေဘူး။ ဒါတွေအားလုံးဟာ လုပ်ငန်းခွင်အတွင်း ဖိနှိပ်ခံနေရတာတွေချည်းပါပဲ။ ထောင်ထဲက အလုပ်သမားတွေအထဲမှာ နှိပ်စက်ခံရတာနဲ့ အပြင်က အလုပ်သမားတွေ လုပ်ငန်းခွင်ဖိနှိပ်ခံရတာ ဒါပဲကွာပါတယ်”
ဒါကြောင့် ဖိနှိပ်ကျပ်တည်းမှုတွေနဲ့ ကြုံတွေ့နေရတဲ့ အလုပ်သမားထုအနေနဲ့ တစ်ဦးချင်း၊ တစ်စုချင်း ဖြေရှင်းတာမျိုးမဟုတ်ဘဲ လုပ်ငန်းခွင်အဆင့်၊ မြို့နယ်အဆင့်၊ တိုင်းပြည်အဆင့်၊ နိုင်ငံတကာအဆင့်ဆင့် စည်းရုံးစုဖွဲ့ပြီး ဖိနှိပ်ချုပ်ချယ်တာတွေ၊ ခေါင်းပုံဖြတ် အမြတ်ထုတ်တာတွေကို တွန်းလှန်ပြောင်းလဲကြဖို့လည်း (FGWM) က တိုက်တွန်းထားပါတယ်။