စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံထားရသူ စစ်ကြောရေးမှာ သေဆုံး

နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ထုံးဘိုရဲစခန်းမှာ ဖမ်းဆီးခံထားရတဲ့ ကိုကျော်ဆန်းဦးဆိုသူဟာ ဒုတိယ အကြိမ်မြောက် စစ်ကောင်စီတပ်တွေရဲ့ စစ်ကြောရေးမှာ အစစ်ခံရင်းကနေ တစ်ရက်အတွင်းမှာပဲ သေဆုံး သွားတယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်တဲ့သူတွေက RFA ကို ပြောပါတယ်။
ပထမကြိမ် စစ်ကြောရေးက ရခဲ့တဲ့ဒဏ်ရာတွေ သက်သာလာတဲ့အချိန် ရဲစခန်းအချုပ်မှာ ရှိနေစဉ်မှာပဲ နိုဝင်ဘာ ၁၁ ရက်နေ့မှာ စစ်ကြောရေးကို ဒုတိယအကြိမ် ပြန်ခေါ်ခံရပြီး နိုဝင်ဘာ ၁၂ ရက်နေ့မှာ သူ သေဆုံးပြီဆိုတာကို မိသားစုဝင်တွေကို အကြောင်းကြားခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ယောက်က RFA ကိုပြောပါတယ်။
“ခေါ်မသွားခင်အထိ အကောင်းကြီး မနေ့က ညနေခေါ်တယ် ဒီနေ့မှာဆုံးတယ်တော့ ကျမတို့ မယုံနိုင် ဖြစ်ရတယ် ”
အသက် ၃၉ နှစ်အရွယ် ကိုကျော်ဆန်းဦးဟာ အောက်တိုဘာလ ၁၅ နေ့ကတည်းက စစ်ကောင်စီရဲ့ ဖမ်းဆီးတာ ခံခဲ့ရပြီး ပထမအကြိမ် စစ်ကြောရေးမှာတုန်းက ၁၃ ရက်အကြာ စစ်ဆေးခံရပြီး နယ်မြေခံရဲစခန်းအချုပ်ကို ပြန်လည်ရောက်ရှိခဲ့သူပါ။
ပထမကြိမ်တုန်းကလည်း ခန္ဓာကိုယ်အနှံ့ ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေ ရရှိခဲ့ပြီး ဆယ်ရက်လောက် ထမင်း မစားနိုင် ဖြစ်နေတာကြောင့် အစာအိမ်ရောဂါပါ စွဲကပ်ခဲ့တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
အလောင်းကို စစ်တပ်ကပဲ တာဝန်ယူသင်္ဂြိုဟ်ခဲ့တာဖြစ်ပြီး မိသားစုဝင်တွေက ခဏကြည့်ခွင့် တောင်းခဲ့လို့ မျက်နှာမှာထိုးကြိတ်ခံထားရတဲ့ ဖူးယောင်ဒဏ်ရာတွေကို တွေ့ရပြီး ရုပ်အလောင်းရဲ့ အောက်ပိုင်းကို လုံးဝကြည့်ခွင့်မရခဲ့ဘူးလို့ ဆိုပါတယ်။
ကိုကျော်ဆန်းဦး သေဆုံးလို့ ဆေးရုံမှာ စစ်ဆေးကြည်တဲ့အခါ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ အသည်းမှာ ရေအိတ်တည်တဲ့ရောဂါတွေ စစ်ဆေးတွေ့ရတယ်လို့ မိသားစုဝင်တွေကို စစ်တပ်ဘက်က အကြောင်းပြ ခဲ့တယ်လို့ဆိုပါတယ်။
သူဟာ ပုဗ္ဗသီရိမြို့နယ် ဇီးကုန်းကျေးရွာမှာ နေထိုင်တဲ့သူဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲကာလက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အောင်နိုင်ရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ဖူးသူဖြစ်ပေမယ့် စစ်တပ်က အာဏာ သိမ်းပြီးနောက်မှာ နိုင်ငံရေးလှုပ်ရှားတာမျိုးတွေ မရှိတော့ဘဲ ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေသူ တစ်ဦးဖြစ်တယ်လို့ သူ့မိတ်ဆွေတစ်ဦးက ပြောပါတယ်။
သုံးဘီးဆိုင်ကယ်မောင်းတဲ့ အလုပ်လုပ်ကိုင်သူ ကိုကျော်ဆန်းဦးမှာ ဇနီးနဲ့ သားသုံးယောက် ကျန်ရစ်ခဲ့ပါတယ်။