ကျောက်တံခါးမှာ လက်နက်ကြီးကြောင့် လေးဦးသေဆုံးပြီး ငါးဦးဒဏ်ရာရ

RFA Burmese
2023.06.26
ကျောက်တံခါးမှာ လက်နက်ကြီးကြောင့် လေးဦးသေဆုံးပြီး ငါးဦးဒဏ်ရာရ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်းရွာအား တွေ့ရစဉ်။
KNLA / PDF kyaukkyi

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ငါးဖယ်အင်းနဲ့ သမင်အင်းကုန်းရွာမှာ ဇွန်လ ၂၄ ရက်နေ့က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ပြည်သူလေးဦး သေဆုံးခဲ့ပြီး ကလေးတစ်ဦး အပါအဝင်ငါးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန်လ ၂၄ ရက်မနက်ပိုင်း ငါးဖယ်အင်းရွာ ဘောလုံးကွင်းကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ဘောလုံးကစားနေတဲ့ အသက် ၃၀ အရွယ် ကိုစောသာဂဒိုးနဲ့ အသက် ၂၇ နှစ်အရွယ် ကိုစောစုဒီတို့ သေဆုံးခဲ့ပြီး လေးနှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ဒေသခံ ငါးဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနေ့ညနေပိုင်းမှာပဲ သမင်အင်းကုန်းရွာက နေအိမ်တစ်လုံးပေါ်ကို လက်နက်ကြီးကျည် ထပ်မံကျရောက် ပေါက်ကွဲခဲ့တာကြောင့် အသက် ၅၀ အရွယ် ဒေါ်ခင်နုနဲ့ အသက် ၄၀ အရွယ် ဒေါ်လင်းလင်းအေးတို့ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကတော့ ကျောက်တံခါးမြို့နယ် အရှေ့ခြမ်းက ရွာတွေကို ဇွန်လ ၂၄ နဲ့ ၂၅ ရက်တွေမှာ နှစ်ရက်ဆက်တိုက် လက်နက်ကြီးတွေ ကျရောက်ခဲ့တယ်လို့ RFA ကို ဒီနေ့ ပြောဆိုပါတယ်။

“မနေ့ကနဲ့ အရင်တစ်ရက်ဆို နှစ်ရက်ရှိပြီ နေ့တိုင်းထုနေတာ။ ကျောက်တံခါးအရှေ့ခြမ်း ကျေးရွာတွေက ပြည်သူ လေးယောက်သေတယ်။ ဒဏ်ရာရတာတွေလည်းရှိတယ်”

ပိန်းဇလုတ်မြို့အခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ (၂၆၄ ) နဲ့ ကျောက်တံခါး မြို့မှာ အခြေစိုက်တဲ့ စစ်ကောင်စီတပ်တွေက တိုက်ပွဲမဖြစ်ဘဲ လက်နက်ကြီးနဲ့ပစ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

RFA အနေနဲ့ ဘယ်အဖွဲ့အစည်းက ပစ်တယ်ဆိုတာကို သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောရေးဆိုခွင့်ရှိသူ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၂ ရက်အထိ စာရင်းအရ စစ်တပ်အာဏာသိမ်းပြီးချိန်ကစပြီး သေဆုံးခဲ့တဲ့ အရပ်သား ၃၆၈၈ ဦးအထိရှိလာပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။