ကျောက်တံခါးမြို့နယ်မှာ စစ်ကြောင်းကြောင့် ဒေသခံတစ်ထောင်ကျော် ထွက်ပြေး

RFA Burmese
2024.12.25
ကျောက်တံခါးမြို့နယ်မှာ စစ်ကြောင်းကြောင့် ဒေသခံတစ်ထောင်ကျော် ထွက်ပြေး ကျောက်တံခါးမြို့နယ်တွင် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံအချို့အား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့က တွေ့ရစဥ်။
KNU

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့စီးနင်းမှုကြောင့် ကြိတ်ကွင်းရွာ အပါအဝင် ရွာသုံးရွာက ဒေသခံတစ်ထောင်ကျော် (၁,၃၄၇ ဦး) ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက RFA ကို ဒီဇင်ဘာ ၂၅ ရက် ဒီနေ့ပြောပါတယ်။

သူတို့ဟာ ဒီဇင်ဘာ ၁၉ ရက်နေ့ ကတည်းက နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး စစ်ကောင်စီတပ်က ရွာတွေထဲ စီနင်းခဲ့တာလို့ ဆိုပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည် အကူအညီပေးသူ တစ်ဦးကတော့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှု ရှိနေတာကြောင့် ဒေသခံတချို့ ဘေးလွတ်ရာ ထွက်ပြေးနေရဆဲ ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

“တချို့တလေကတော့ အိမ်ပြန်ကြည့်တာ ရိက္ခာပြန်ယူတာတွေတော့ရှိတယ်။ လက်နက်ကြီးနဲ့ပစ်လို့ ရွာခံတွေ မပြန်ကြသေးဘူး။ ဘေးလွတ်ရာမှာပဲ နေကြရတယ်”

ကြိတ်ကွင်းရွာထဲစီးနင်းချိန် ဒေသခံတွေဖြစ်တဲ့ အမျိုးသားငါးဦးနဲ့ အမျိုးသမီးသုံးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ဒီဇင်ဘာ ၂၄ ရက် မနေ့ကထုတ်ပြန်ထားပါတယ်။

ညောင်လေးပင်ခရိုင်ထဲက ကျောက်တံခါးမြို့နယ်ထဲကို စစ်ကောင်စီတပ်ရဲ့ ပိန်းဇလုပ်အခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၂၆၄) ကနေ ၁၂၀ မမလက်နက်ကြီးတွေနဲ့ နေ့စဥ်ပစ်ခတ်နေပြီး လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ တောင်ခင်ရွာက အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦး ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

အာဏာသိမ်း လေးနှစ်နီးပါးအတွင်း ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းက KNU ထိန်းချုပ်နယ်မြေမှာ စစ်ဘေးဒုက္ခသည် တစ်သန်းကျော် (၁,၀၅၂,၇၂၉ ဦး) အထိ ရှိလာပြီး လူသားချင်စာနာမှု အကူအညီလိုနေတယ်လို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် (KPSN) က နိုဝင်ဘာ ၂၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။