ကျောက်ဖြူနဲ့ စစ်တွေမှာ ဗုံးကြဲခံရပြီး အိမ်နှစ်ရာခန့် မီးလောင်ပျက်စီး
2025.03.07

တရုတ်စီမံကိန်းတွေတည်ရှိရာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် ဦးဂင်းရွာနဲ့ စစ်တွေမြို့နယ် ဝါဘိုရွာတို့ကို မတ် ၆ ရက်နေ့မှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် လူနေအိမ် နှစ်ရာခန့် မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဦးဂင်းရွာမှာ အိမ်ခြေ ၁၇ဝ ကျော်ရှိပြီး ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးသွားတာဖြစ်သလို ဝါဘိုရွာမှာလည်း နေအိမ် ၃၅ လုံး မီးလောင်ပျက်စီးသွားတာလို့ ဆိုပါတယ်။
ဦးဂင်းရွာဟာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားတဲ့ နေရာအနီးမှာတည်ရှိပြီး စစ်ကောင်စီရဲ့ ဓညဝတီ ရေတပ်ဌာနချုပ်နဲ့ သုံးမိုင်ခန့် ကွာဝေးပါတယ်။
ဓညဝတီ ရေတပ်ဌာနချုပ်ကနေ ဒရုန်းတွေနဲ့ ဗုံးလာကြဲတာကြောင့် နေအိမ်တွေ မီးလောင်ပျက်စီးသွားတာလို့ ကျောက်ဖြူ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“မနေ့က ဒရုန်းတွေနဲ့ ဗုံးလာကြဲလို့ နေအိမ်တွေ မီးလောင်သွားတာ။ မီးလောင်ဗုံးကြဲတာပါ။ တစ်ရွာလုံးနီးပါး မီးလောင်သွားတယ်လို့ သိရတယ်။ အဲဒီရွာ (ဦးဂင်း) မှာတော့ ရွာသားတွေ မရှိတော့ဘူး။ တိုက်ပွဲဖြစ်ကတည်းက အကုန်လုံး ထွက်ပြေးနေကြတာ”
စစ်တွေမြို့နယ် ဝါဘိုရွာကိုလည်း ကံ့ကော်ကျွန်းရွာမှာ စခန်းချထားတဲ့ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲခဲ့တာကြောင့် နေအိမ်တွေ မီးလောင်ပျက်စီးခဲ့တာလို့ ဆိုပါတယ်။ ဝါဘိုရွာမှာ နေထိုင်သူတွေဟာလည်း ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်နေကြတာကြောင့် ထိခိုက်မှုမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်ဖြူမြို့နယ်မှာ ဖေဖော်ဝါရီ ၂ဝ ရက်နေ့ကစလို့ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲ ပြင်းထန်နေတာပါ။
တိုက်ပွဲအတွင်း မတ် ၄ ရက်နေ့မှာ ဓညဝတီ ရေတပ်ဌာနချုပ်ရဲ့ ကာကင်းစခန်းတချို့ကို AA က သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက် လုပ်ဆောင်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ AA ပြောခွင့်ရသူ ဦးခိုင်သုခနဲ့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းတို့ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
ကျောက်ဖြူမြို့နယ်မှာ လတ်တလော တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်သူ တစ်သောင်းကျော်နဲ့ တိုက်ပွဲမဖြစ်ခင်ကတည်းက ကြိုတင်တိမ်းရှောင်သူ တစ်သောင်းကျော် စုစုပေါင်း ထွက်ပြေးတိမ်းရှောင်နေရသူ နှစ်သောင်းကျော်ရှိလာပြီလို့ ဒေသခံတွေက ပြောပါတယ်။