ရှေ့တန်းရောက်နေတဲ့ စစ်မှုထမ်းသင်တန်းဆင်းလေးဦး KNDF ထံ ခိုလှုံ

RFA Burmese
2024.12.18
ရှေ့တန်းရောက်နေတဲ့ စစ်မှုထမ်းသင်တန်းဆင်းလေးဦး KNDF ထံ ခိုလှုံ ရှေ့တန်းရောက် စစ်မှုထမ်းသင်တန်းဆင်းလေးဦး KNDF ထံ ခိုလှုံခဲ့သည်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့က ထုတ်ပြန်စဥ်။
KNDF

ကယား (ကရင်နီ) ပြည်နယ်ရဲ့ ရှေ့တန်းစစ်မျက်နှာတစ်ခုမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်း ဆင်းထားတဲ့ တပ်သားသစ်လေးဦး ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ထံ လက်နက်နဲ့တကွ ခိုလှုံလာတယ်လို့ KNDF က ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

သူတို့ဟာ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အဓမ္မစုဆောင်းခံရပြီး ရှေ့တန်းစစ်မြေပြင်ကိုရောက်နေချိန် ဒီဇင်ဘာ ၁၁ ရက်နေ့မှာ MA-1 သေနတ်သုံးလက်နဲ့အတူ ထွက်ပြေးခိုလှုံလာတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီတပ်သားတွေရဲ့ ကိုယ်ရေးအချက်အလက်အသေးစိတ်နဲ့ ဘယ်တပ်ရင်းထပ်ဖွဲ့တွေကနေ ခိုလှုံလာတယ် ဆိုတာကိုတော့ KNDF က ထုတ်မပြောပါဘူး။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကယားပြည်နယ်ပြောခွင်ရသူ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇာနည်မောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

နိုဝင်ဘာ ဒုတိယပတ်ကလည်း တနင်္သာရီတိုင်း ရေဖြူမြို့နယ် ခလရ-၂၇၃ တပ်ရင်းကနေ စစ်ကောင်စီရဲ့ စစ်မှုထမ်း အမှတ်စဥ် (၁) နဲ့ (၂) သင်တန်းဆင်း တပ်သားသစ်ငါးဦး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရဲ့ ဒေါနစစ်ကြောင်းထံ လာရောက်ခိုလှုံလာတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

အောက်တိုဘာအတွင်းမှာလည်း တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်မှာ စစ်ကောင်စီက စစ်မှုထမ်းဖို့အတွက် ဖမ်းဆီးခေါ်ဆောင်ထားတဲ့ တပ်သားသစ်ငါးဦး မြိတ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီကို ထွက်ပြေးခိုလှုံခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပေဒကို အသက်သွင်းလိုက်တဲ့နောက် စစ်မှုထမ်းဖို့အတွက် စာရင်းကောက်တာ၊ လူငယ်တွေကို ဖမ်းဆီးစုဆောင်းတာတွေရှိနေပြီး သင်းတန်းဆင်းပြီးတာနဲ့ ရှေ့တန်းစစ်မြေပြင်ကို ပို့ဆောင်နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

နိုဝင်ဘာ ၃၀ ရက်နေ့က ချင်းပြည်နယ် ဟားခါးနဲ့ ထန်တလန်ကြားက စခန်းသိမ်းတိုက်ပွဲတစ်ခုမှာ စစ်ကောင်စီတပ်သား ၁၉ ဦးကို ဖမ်းဆီးရမိခဲ့ပြီး အဲဒီအထဲမှာ စစ်မှုထမ်းသင်တန်းဆင်း ဆယ်ဦး ပါဝင်တယ်လို့ ချင်းဒေသကာကွယ်ရေး (CDF) ဟားခါးတပ်ဖွဲ့ရဲ့ ပြောခွင့်ရသူက RFA ကို ပြောထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကလည်း ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်က စစ်ကောင်စီရဲ့ စစ်မှုထမ်း အမှတ်စဥ် (၁) သင်တန်းဆင်း လူငယ်နှစ်ဦး ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးတိုက်ပွဲမှာ သေဆုံးခဲ့တယ်လို့ ကော့မှူးဒေသခံတွေက ပြောပါတယ်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီကနေ နိုဝင်ဘာအထိ ၁၁ လအတွင်း အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်လာသူ စစ်ကောင်စီတပ်သား၊ ရဲတပ်ဖွဲ့၊ အကျဥ်းဦးစီးဌာန ဝန်ထမ်းစုစုပေါင်း ၄၇၉ ဦး ရှိပြီး အဲဒီအထဲမှာ စစ်မှုထမ်းသင်တန်းဆင်းထားသူက ၃၃ ဦး ပါဝင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။