စစ်ကောင်စီရဲ့ အဟန့်အတားတွေကြောင့် ကင်းမရွာ ပြန်လည်ထူထောင်ရေး ခက်ခဲနေ
2021.06.26
ရွာလုံးကျွတ်နီးပါး မီးရှို့ခံခဲ့ရတဲ့ ပေါက်မြို့နယ် ကင်းမရွာက မီးဘေးဒုက္ခသည်တွေဟာ ပြန်လည်ထူထောင်ရေး လုပ်ဆောင်နိုင်ဖို့အတွက် ငွေကြေးအပါအဝင် တခြားလိုအပ်ချက်တွေ ရှိနေတယ်လို့ ကူညီကယ်ဆယ်ရေးတွေ လုပ်ပေးနေတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ပြန်လည်ထူထောင်ရေးအတွက် မလုပ်နိုင်သေးဘူး။ ငွေကြေးထောက်ပံ့မှုဆိုတာလည်း နည်းသေးတယ်လို့ ပြောရမယ်။ အိမ်က အတိအကျဆို ၁၅၃ အိမ်လောင်သွားတယ်။ ၁၀၀ ကျန်တယ်။ အဓိကလိုတာကတော့ ပြန်လည်ထူထောင်ရေးအတွက် ငွေပဲ။ ဘာလို့လဲဆိုတော့ သူတို့ဆုံးရှုံးထားတာ ပစ္စည်းတင် မဟုတ်ဘဲနဲ့ အဆောက်အဦတွေပါ ဆုံးရှုံးထားတာဆိုတော့ အိမ်တွေကိုပြန်ပြီး ထူထောင်ဖို့အတွက် ငွေက အဓိက လိုလိမ့်မယ်။ ငွေရှိမှ အိမ်ဆောက်ဖို့ ပစ္စည်းတွေ ဝယ်လို့ရမှာ"
ကင်းမရွာ မီးဘေးဒုက္ခသည်တွေအတွက် အဓိကလိုအပ်နေတာတွေက စောင်၊ ခြင်ထောင်၊ မိုးကာနဲ့ အောက်ခံအခင်းတွေဖြစ်ပြီး စားနပ်ရိက္ခာအတွက်ကတော့ အလှူရှင်အချို့ရဲ့ ထောက်ပံ့မှုတွေကြောင့် လတ်တလောမှာ အဆင်ပြေနေသေးပါတယ်။
ဒါပေမဲ့လည်း ပြန်လည်ထူထောင်ရေး မစတင်နိုင်ရင် ပိုပြီးခက်ခဲလာနိုင်တယ်လို့ အဲဒီဒေသခံက ဆိုပါတယ်။
စစ်ဘေးဒုက္ခသည်တွေကို ကူညီထောက်ပံ့ဖို့ လုပ်နေတာတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တင်းကျပ် စစ်ဆေးတာတွေ လုပ်နေတယ်လို့ ကင်းမရွာဆီ သွားရောက်လှူဒါန်းခဲ့သူတစ်ဦးက ဆိုပါတယ်။
ကင်းမရွာသားတွေအတွက် စားသောက်စရာတွေ သွားရောက်လှူဒါန်းမှုကို လူမှုကွန်ရက်မှာ အလှူရှင် တချို့က တိုက်ရိုက် (LIVE) လွှင့်ခဲ့ပြီးနောက်မှာပဲ ထပ်ပြီးသွားလှူတဲ့သူတွေကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက စစ်ဆေးမှုတွေ တင်းကျပ်လာတာလို့ သူက ပြောပါတယ်။
“ကြားထဲမှာ အလှူရှင်တွေ သေသေချာချာ လှူရမယ့် ပစ္စည်းတွေ တိုက်ရိုက်မရောက်အောင် ဂိတ်တွေမှာ တချို့သိတဲ့အဖွဲ့အစည်းတွေဆိုရင် ဒီကိုလှူဖို့လာတဲ့အခါမှာ အဝတ်အထည်ထုတ်တွေကို ဓါးတွေနဲ့ အထိုးခံရတယ်။ တချို့ဟာတွေဆိုရင် တစ်ဝက်ထားခဲ့ရတယ်။ သယ်ချင်ရင် တစ်ဝက်ပဲ သယ်လို့ရမယ်။ တစ်ဝက်ထားခဲ့ရမယ် ဆိုတာမျိုးတွေလည်း ကြုံနေရတယ်။ ဂိတ်တွေဆိုရင်လည်း လွတ်လွတ်လပ်လပ် မဖြတ်ရဲတော့ဘူး။ နိုင်ငံရေးလုပ်ဖို့ သွားတာလည်း မဟုတ်ဘူး။ ရွာသားတွေရဲ့ ပြန်လည်ထူထောင် ရေးအတွက် စားနပ်ရိက္ခာအတွက် သီးသန့်လာပြီးလှူတဲ့ အလှူရှင်တွေ အများကြီးရှိတယ်“
ကင်းမရွာက မီးဘေးဒုက္ခသည်တွေအတွက် မြန်မာငွေကျပ် ၁၈၂.၆ သိန်းကို အမျိုးသားညီညွှတ်ရေး အစိုးရ NUG ရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဝန်ကြီး ဌာနကတဆင့် ချိတ်ဆက်ထောက်ပံ့ကူညီခဲ့တယ်လို့ သိရပါတယ်။
ကိုရီးယားနိုင်ငံ Civilian Fellowship for International Exchange က ထောက်ပံ့ငွေတွေကို လူသားချင်း စာနာထောက်ထားရေးနဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဝန်ကြီးဌာနဆီ လှူဒါန်းခဲ့တာဖြစ်ပါတယ်။
"အိမ်တွေကိုပြန်ပြီး ထူထောင်ဖို့အတွက် ငွေက အဓိကလိုလိမ့်မယ်။ ငွေရှိမှ အိမ်ဆောက်ဖို့ ပစ္စည်းတွေ ဝယ်လို့ရမှာ"
ဝန်ကြီးဌာနအနေနဲ့ မြေမြင်မှာ ကယ်ဆယ်ရေး လုပ်ဆောင်နေတဲ့အဖွဲ့တွေထံ အဲဒီထောက်ပံ့ငွေတွေ အမြန် ဆုံးရောက်နိုင်ဖို့ ဇွန်လ ၁၇ ရက်နေ့က ချိတ်ဆက်ဆောင်ရွက်ခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
ဒုက္ခသည်တွေဆီ အလှူငွေတွေ တိုက်ရိုက်ရောက်နိုင်ရေးအတွက် စစ်ကောင်စီဖက်က တားဆီးနေတာ တွေကြောင့် ကြန့်ကြာတာတွေရှိနေတယ်လို့ ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဇွန် ၂၅ ရက် မနေ့ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဖြေကြားထားပါတယ်။
“ကျွန်တော်တို့ အားလုံးလွှမ်းခြုံနိုင်ဖို့ အကူအညီတွေပေးတဲ့အခါမှာ ပြည်တွင်း၊ ပြည်ပက အလှူရှင်တွေက ပူးပေါင်းကူညီတဲ့အပြင် အားလုံးလွှမ်းခြုံ ကူညီနိုင်တာကတော့ ကုလသမဂ္ဂ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ UN INGO တွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေပါတယ်။ သူတို့ဟာ စစ်ကောင်စီနဲ့လုံးဝ ပူးပေါင်းလိုစိတ်မရှိဘူး ဒါကြောင့် တိုက်ရိုက်ပြည်သူဆီ ရောက်နိုင်ဖို့နည်းလမ်းတွေ အမြဲတမ်းညှိုနှိုင်းဆောင်ရွက်နေတယ် အကူအညီမရသေးတဲ့ ပျံ့နှံ့ရောက်နေသူတွေအတွက် နည်းလမ်းတွေ ဖြစ်ပါတယ်’’
မီးဘေးဒုက္ခသည်တွေဟာ လတ်တလောမှာတော့ ကင်းမရွာအနီးပတ်ဝန်းကျင်က ရွာတွေ၊ ဘုန်းကြီးကျောင်း တွေနဲ့ တောတောင်တွေထဲမှာ နေထိုင်နေရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရွာထဲပြန်လာမှာကို ကြောက်နေတဲ့အတွက် လတ်တလော တောထဲမှာပဲ ပုန်းခိုနေထိုင်နေရတယ်လို့ ကင်းမရွာ ဒေသခံတစ်ဦးက ပြောပါတယ်။
“ကျွန်မတို့ကတော့ အရှေ့ကို ထပ်မလာဖို့ ရန်မလုပ်ဖို့ပဲ အဓိကပဲ။ ထပ်လာလို့ ထပ်လုပ်မှာပဲ ကြောက်နေ တာ။ အိမ်တွေကလည်း အရိပ်ခိုစရာတောင် မရှိတော့ဘူး။ အိမ်ကြီးတွေက ပြာပုံပဲဖြစ်နေတာ။ တစ်ဝိုင်းလုံး မီးလောင်ထားတော့ နေစရာ မရှိအောင်ကို ဖြစ်နေတာ။ နေဖို့ထိုင်ဖို့တောင် အခုလောလောဆယ် တော ထဲတောင်ထဲမှာ ဆောက်ရတော့မှာ။ ရွာထဲမှာ အပူရှိန်နဲ့ ဆောက်လို့ မရဘူး။ ၃၊ ၄ ရက်လောက်ကို မီးတွေက လောင်နေတာ“
ရွာမီးလောင်နေတာကို ပုန်းနေတဲ့ တောတောင်တွေထဲကနေ ကြည့်ငိုခဲ့ရတယ်လို့ ကင်းမရွာဒေသခံ အဖွားတစ်ဦးက ဆိုပါတယ်။
“နောက်ထပ်ပြန်ပြီးတော့ ရှို့ဦးမှာစိုးလို့ အမေကြီးတို့ ဒီမှာခွဲနေရတာ။ အမေကြီးတို့ ပြေးလာခဲ့ရတာ။ ဟိုးရွာထဲမှာ ထားခဲ့ရတယ်။ လူ လေးယောက်က။ ဒီမှာ နှစ်ယောက်ရှိတယ်။ အဖိုးကြီး၊ အဖွားကြီးက ပိုဆိုးတယ်ဆိုပြီး အမေကြီးတို့ ခွဲနေရတာ။ ရက်ရက်စက်စက် အလုပ်ခံခဲ့ရတာ။ ရွာထဲမှာလည်း ရစရာ မရှိဘူး။ သေသွားတာက တို့မောင် လင်မယား“
အိမ်ခြေ နှစ်ရာကျော်နဲ့ လူဦးရေ တစ်ထောင်ကျော်ရှိတဲ့ ပေါက်မြို့နယ် ကင်းမရွာဟာ ဇွန်လ ၁၅ ရက်နေ့က မီးရှို့ခံခဲ့ရတာကြောင့် ရွာရဲ့သုံးပုံနှစ်ပုံလောက် မီးလောင်ပြာကျသွားခဲ့ရပါတယ်။

ဒီမီးကို စစ်ကောင်စီတပ်သားတွေက ရှို့တာလို့ ဒေသခံ ကင်းမရွာသားတွေက ပြောဆိုပါတယ်။ စစ်ကောင်စီ ဘက်ကတော့ ဒီမီးဟာ ရွာနေ ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးရဲ့ အိမ်ကို PDF တပ်ဖွဲ့ဝင်တွေ မီးစရှို့ရာကနေ လောင်ကျွမ်းခဲ့တာလို့ နှစ်ကြိမ်တိုင်တိုင် သတင်းထုတ်ပြန်ပါတယ်။ ရွာသားတွေကတော့ စစ်တပ်ရဲ့ ထုတ်ပြန် ချက်ဟာ မြေပြင်အခြေအနေနဲ့ လုံးဝကွဲလွဲနိုင်ကြောင်း တုံ့ပြန်ထားတာပါ။
မီးလောင်မှုကြောင့် နေအိမ်မှာတင် ထွက်မပြေးနိုင်လို့ ကျန်ခဲ့တဲ့ သက်ကြီးရွယ်အို လေးယောက် သေဆုံး ခဲ့ရပါတယ်။ ကင်းမရွာ မီးရှို့ခံရတဲ့လုပ်ရပ်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရှိ၊ အမေရိကန်နဲ့ ဗြိတိန်အပါအဝင် သံရုံးတချို့ကလည်း စစ်ကောင်စီကို အပြစ်တင်ရှုတ်ချထားပါတယ်။ တစ်ရွာလုံးကို မီးရှို့ခဲ့တာဟာ စစ်ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဥပဒေပညာရှင်တွေက သုံးသပ်ပြောဆိုကြပါတယ်။