မြင်းခြံမှာ အသက်ခုနစ်ဆယ်အရွယ်အဘွားတစ်ဦး စစ်ကြောင်းထိုးလာချိန် သတ်ဖြတ်ခံရ

RFA Burmese
2024.04.21
မြင်းခြံမှာ အသက်ခုနစ်ဆယ်အရွယ်အဘွားတစ်ဦး စစ်ကြောင်းထိုးလာချိန် သတ်ဖြတ်ခံရ မီးရှို့ဖျက်ဆီးခံရသည့် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆင်ချောင်း(တောင်) ရွာမှ နေအိမ်အချို့ကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကိုင်း (မြောက်) ရွာကို ဧပြီလ ၂၁ ရက်နေ့က အင်အားတစ်ရာနီးပါးပါစစ်ကြောင်း ဝင်ရောက်လာချိန် နေရပ်စွန့်ခွာထွက်ပြေးတဲ့ အသက်ခုနစ်ဆယ်အရွယ် အဘွား ဒေါ်ညွန့်ဆွေ သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကြောင်းထိုးလာတာကြောင့် နေရပ်စွန့်ခွာထွက်ပြေးချိန် ရွာမြောက်ဘက်ပိုင်းမှာ ဖမ်းဆီးခံရပြီး သေနတ်နဲ့ ပစ်သတ်သွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြင်းခြံဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

“ရွာထဲစစ်ကြောင်းထိုးတော့ သူအပါအဝင် သက်ကြီးပိုင်းတွေက ရွာမြောက်ဘက်ကိုထွက်ပြေးတာ။ အဲဒီမှာ အကုန်ဖမ်းမိသွားပြီး မြေပြင်ပေါ်မှာ မှောက်ခိုင်းထားတယ်။ ပြီးတော့မှာ အဲဒီအဘွားကို တစ်ယောက်တည်း ခေါ်ထုတ်ပြီး နားထင်ကိုသေနတ်နဲ့ ပစ်သတ်သွားတာ”

ကိုင်း (မြောက်) ရွာကို စစ်ကြောင်းဝင်ပြီးနောက် နေအိမ် ၁၅၀ ကျော်လည်း မီးရှို့ခံခဲ့ရတယ်လို့ သူကပြောပါတယ်။

မြင်းခြံမြို့နယ်ထဲကရွာတွေက ဧပြီလ ၈ ရက်နေ့ကတည်းက စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးနေပြီး ဧပြီလ ၂၂ ရက်နေ့အထိ အရပ်သားလေးဦးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။

ဒါ့အပြင် ရသာ၊ တောပု၊ ဆင်ချောင်း (မြောက်)၊ ဆင်ချောင်း (တောင်)၊ ရန္တပို၊ ကိုင်းမြောက်၊ ဥဒယ၊ စိန်ကျောင်း စတဲ့ရွာတွေက အိမ်ခြေ ၁၅၀၀ နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

စစ်ကြောင်းကြောင့် မြင်းခြံမြို့နယ်ထဲက ရွာငါးရွာက ဒေသခံသုံးထောင်နီးပါးလည်း နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ စစ်ဘေးဒုက္ခသည် အကူအညီပေးနေသူတွေက ပြောပါတယ်။

ဒေသခံတွေသတ်ဖြတ်ခံရတာ၊ နေအိမ်မီးရှို့ခံရတာတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။