စစ်တပ်ရဲ့ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ မသယ်ဖို့ KIA သတိပေး
ကချင်ပြည်နယ်အတွင်းမှာ ခရီးသည်တင်ကားတွေ၊ အိမ်စီးကားတွေ၊ အရပ်ဘက်လူ့အဖွဲ့အစည်းယာဉ်တွေ အနေနဲ့ စစ်တပ်ရဲ့ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေကို မသယ်ဆောင်ပေးဖို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ရဲ့ တပ်မဟာ ၂ စစ်ဋ္ဌာနချုပ် တပ်ရင်း ၁၁ က ဒီနေ့ ဇွန် ၂၅ ရက်မှာ သတိပေးချက်ထုတ်ပြန်လိုက် ပါတယ်။
အရပ်ဘက်သုံးယာဉ်တွေအနေနဲ့ စစ်ကောင်စီက စစ်သားတွေ၊ လက်နက်ခဲယမ်း၊ ရိက္ခာနဲ့ ယာဉ်သုံးဆီတွေ တင်ဆောင်ရင် ဒါမှမဟုတ် မလိုအပ်ဘဲ မိုးကာတွေ အုပ်မိုးပြီးသွားလာရင် ဖြစ်ပေါ်လာတဲ့ပြဿနာတွေကို တာဝန်ယူမှာမဟုတ်ဘူးလို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ခရီးသည်နဲ့ ကုန်တင်ယာဉ် အပါအဝင် စီးပွားရေးလုပ်ငန်းသုံးကားတွေဟာ မြစ်ကြီးနား-တနိုင်း၊ မြစ်ကြီးနား-ပူတာအို၊ မြစ်ကြီးနား - ဖားကန့်နဲ့ မြစ်ကြီးနား စစ်ကိုင်းတိုင်းသွားတဲ့လမ်းပိုင်းတွေကို ည ၇ နာရီကနေ မနက် ၅ နာရီအထိ ခရီးသွားလာခွင့်ကို KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၁၁ က ကန့်သတ်လိုက်ပါတယ်။
စစ်တပ်က အရပ်သားအစိုးရကို အင်အားသုံးဖြုတ်ချပြီး အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၁၁ ဟာ ဖားကန့်၊ တနိုင်း၊ မိုးကောင်းဒေသတွေမှာ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားနေတာပါ။
KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ စစ်ပွဲတွေဟာ ပိုပြီးအရှိန်မြင့်လာနိုင်တဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဇွန် ၂၄ ရက်က RFA သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။