ခေါင်လန်ဖူးမြို့နယ်က စစ်ကောင်စီစခန်းတစ်ခုကို KIA နဲ့ ပူးပေါင်းအဖွဲ့တွေ သိမ်းယူ

RFA Burmese
2024.01.08
ခေါင်လန်ဖူးမြို့နယ်က စစ်ကောင်စီစခန်းတစ်ခုကို KIA နဲ့ ပူးပေါင်းအဖွဲ့တွေ သိမ်းယူ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPF) တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်။
KPF

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်က စစ်ကောင်စီစခန်းတစ်ခုကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)နဲ့ ပူးပေါင်းအဖွဲ့တွေ ဇန်နဝါရီ ၆ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

ခေါင်းလန်ဖူးဌာနေပြည်သူ့စစ်အဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပူးပေါင်းတပ်စွဲထားတဲ့ ခရန်ထီဒမ်း စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPF) ပြောရေးဆိုခွင့်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

"ခေါင်လန်ဖူးမြို့နယ်က ခရန်ထီဒမ်းစခန်းကို ဇန်နဝါရီ ၆ ရက်နေ့က မနက်မှာ ဝင်တိုက်ခဲ့တာပါ၊ နေ့လယ်လောက်မှာ စခန်းကို သိမ်းနိုင်ခဲ့ပါတယ်။ နှစ်ဖက်လုံးမှာ ထိခိုက်မှုတွေရှိပြီး စစ်ကောင်စီဘက်က ထိခိုက်မှု ပိုများပါတယ်၊ အဲစခန်းမှာ ပြည်သူ့စစ်အဖွဲ့ဝင်တွေ အများစုရှိနေပြီး စခန်းကိုတော့ စစ်ကောင်စီတပ်က ကွပ်ကဲနေတာပါ၊ တိုက်ပွဲဖြစ်လို့ စစ်ကူရောက်လာသူတွေနဲ့ဆို အားလုံးခုနစ်ဆယ်လောက်ရှိနေမယ်လို့ ခန့်မှန်းပါတယ်၊ အခုတော့ အားလုံးစခန်းကို စွန့်ခွာထွက်ပြေးသွားကြပါပြီ"

စစ်ကောင်စီက‌ လေကြောင်းအသုံးပြု ခုခံတိုက်ခိုက်ခဲ့တယ်လို့လည်း ပြောပါတယ်။ တိုက်ပွဲအတွင်း KIA နဲ့ ပူးပေါင်းအဖွဲ့တွေက အဖွဲ့ဝင် သုံးဦး ဗုံးစထိမှန်ဒဏ်ရာရခဲ့ပေမဲ့ စိုးရိမ်စရာမရှိဘူးလို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်တဲ့နေရာဟာ ဆက်သွယ်ရေးခက်ခဲတဲ့နေရာဖြစ်တာကြောင့် အခြေအနေ အသေးစိတ်ကို သိရဖို့ ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့လည်း ပြောပါတယ်။

စစ်ကောင်စီ စခန်းသိမ်းခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPF)နဲ့ ပူတာအိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Putao PDF) တို့ ပူးပေါင်း သိမ်းပိုက်ခဲ့တာပါ။

KIA နဲ့ ပူးပေါင်းအဖွဲ့ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာထဲမှာလည်း မချမ်းဘော့မြို့နယ်က အင်ခါဂါး စစ်ကောင်စီစခန်းကိုလည်း သိမ်းပိုက်ခဲ့ကြောင်း Putao PDF အဖွဲ့က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။