အာဏာရှင်ဆန့်ကျင်တဲ့ အဖွဲ့အားလုံးနှင့် ပူးပေါင်းမယ်လို့ KIA ပြော

2021.10.25
အာဏာရှင်ဆန့်ကျင်တဲ့ အဖွဲ့အားလုံးနှင့် ပူးပေါင်းမယ်လို့ KIA ပြော ကချင်လွတ်မြောက်ရေး တပ်မတော် KIA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
Photo: RFA

အာဏာရှင်ကိုဆန့်ကျင်တဲ့ မည်သည့်အဖွဲ့အစည်းနဲ့မဆို ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကချင်လွတ်မြောက် ရေး တပ်မတော် (KIA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက အောက်တိုဘာလ ၁၅ ရက် ဒီနေ့ကျရောက်တဲ့ KIO (၆၁) နှစ်ပြည့် မိန့်ခွန်းမှာ ထည့်သွင်းပြောခဲ့ပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့အစည်း(KIO) ကို ၁၉၆၀ ခုနှစ်အောက်တိုဘာလ ၂၅ ရက်နေ့မှာ စတင်ဖွဲ့စည်း ခဲ့တာ ဖြစ်ပါတယ်။

အခုအခြေအနေဟာ နှစ်ပေါင်း ၇၀ ကျော် စစ်အာဏာရှင်ရဲ့ ဖိနှိပ်မှုခံထားရတဲ့ ပြည်သူလူထုတွေအတွက် လွတ်မြောက်ဖို့ အထူးအခွင့်အရေးဖြစ်ပြီး လူမျိုးကြီးဝါဒ ကိုင်စွဲထားတဲ့ စစ်အာဏာရှင်ကို အခုချိန် အမြစ်ပြတ်မချေမှုန်းနိုင်ရင် နောင်တစ်ချိန်မှာ ဆန့်ကျင်တိုက်ခိုက်ဖို့ ပိုခက်ခဲသွားမယ်လို့လည်း ဗိုလ်ချုပ်ကြီး အင်ဘန်လက ဆိုပါတယ်။

စစ်တပ်ကာအာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်း ဗာမာလူမျိုးတွေသာမက မြန်မာတစ်နိုင်ငံ လုံးကပြည်သူတွေအားလုံး စစ်အာဏာရှင်ကို ဆန့်ကျင်ရေး လုပ်ဆောင်လာကြတာဟာ ဖိနှိပ်ခံထားရတဲ့ တိုင်းရင်းသားတွရဲ့ အခက်အခဲကိုပါ နားလည်လာကြတာဖြစ်သလို ဘာကြောင့် တော်လှန်ရေး လုပ်နေရတယ် ဆိုတဲ့မေးခွန်းကိုလည်း လက်ခံလာကြပြီဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ အစိုးရအဆက်ဆက်ဟာ လူမျိုးကြီးဝါဒနဲ့ အာဏာရှင်စနစ်ကိုသာ ဆုပ်ကိုင်ထားတဲ့အတွက် ဒီနိုင်ငံမှာ တန်းတူအခွင့်အရေးရှိတဲ့ ငြိမ်းချမ်းရေးရလာဖို့ ဘယ်တော့မှဖြစ်လာမှာ မဟုတ်ဘူးလို့လည်း ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောပါတယ်။

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ မဖြေရှင်းဘဲ စစ်ရေးကိုသုံးပြီး ခြိမ်းခြောက်ဖိနှိပ်တာတွေကိုသာ လုပ်ဆောင်နေကြတယ်လို့လည်း မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။