ခင်ဦးမြို့ သရက်ကန်ရွာသားသုံးဦး ပစ်သတ်ခံရ

2021.11.02
ခင်ဦးမြို့ သရက်ကန်ရွာသားသုံးဦး ပစ်သတ်ခံရ စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ၂၀၂၁ ဇူလိုင် ၁၂ ရက်နေ့က ဆန္ဒပြခဲ့ကြစဉ်
Photo: CJ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် သရက်ကန်ရွာမှာ တောင်ယာလုပ်ကိုင်နေတဲ့ ဒေသခံ သုံးဦးကို နိုဝင်ဘာလ ၁ ရက် မနေ့ညနေပိုင်းမှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေက ပစ်သတ်သွားတယ်လို့ ဒေသခံတွေ က ပြောပါတယ်။

ပစ်သတ်ခံရသူတွေကတော့ သရက်ကန်ရွာသားတွေဖြစ်တဲ့ အသက် (၂၃) နှစ်အရွယ် ကိုဖြိုးဝေအောင်၊ အသက် (၂၈) နှစ်အရွယ် ကိုချစ်ကိုနဲ့ ခင်ဦးမြို့ မြနန္ဒာရပ်ကွက်က အသက် (၃၀) အရွယ် ကိုရန်နိုင်တို့ဖြစ်ပါတယ်။

“စစ်ကောင်စီတပ်သားတွေလာတဲ့အချိန် သေနတ်ဖောက်သံကြားတယ်၊ ရွာဘက်လာတာထင်ပြီး တစ်ရွာလုံး ပြေးကြရတာ၊ အစထင်တာက မိုးပေါ်ထောင်ဖောက်တယ်ထင်တာ၊ ညနေ ၅ နာရီလောက် တာဘောင်အရှေ့ဘက် လယ်ကြားမှာ အလောင်းတွေ တွေ့တော့မှပဲ ပစ်သတ်ခံရမှန်းသိတာဗျ” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သရက်ကန်ရွာသား တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့ဝင် ၁၅ ဦးလောက်ဟာ မဒေါင်းလှရွာမှာ ကျောင်းဖွင့်နိုင်ဖို့အတွက် ခင်ဦး - ဇီးကုန်း တာဘောင်ပေါ်ကနေ ကားနှစ်စီးနဲ့ ဖြတ်သွားချိန်မှာ ပစ်သတ်သွားတာလို့ ဒေသခံက ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေပစ်သတ်သွားတာလို့ ဒေသခံရွာသားတွေက ပြောပေမယ့် RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်ပြောခွင့်ရ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကိုလည်း ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။

သူတို့ သုံးဦးစလုံးဟာ အပစ်ခံရချိန်က သရက်ကန်ရွာမှာရှိတဲ့ လယ်တွေကြားမှာ လယ်ထဲကို ရေတင်နေကြတာ လို့လည်း ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။