ခင်ဦးမှာ ဒေသခံအမျိုးသားရှစ်ဦး ဖမ်းဆီးခံရ

RFA Burmese
2023.02.28
ခင်ဦးမှာ ဒေသခံအမျိုးသားရှစ်ဦး ဖမ်းဆီးခံရ စစ်ကောင်စီ စစ်ကြောင်းများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရသည့် ခင်ဦးမြို့နယ်မှ ဒေသခံများအား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅ ရက်နေ့က တွေ့ရစဉ်။
ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် မြကန်သာရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသားရှစ်ဦးကို ဖေဖော်ဝါရီလ ၂၆ ရက်နဲ့ ၂၇ ရက်နေ့တွေမှာ အင်အား ၅၀ ခန့်ပါ စစ်ကောင်စီတပ် စစ်ကြောင်းက ဝင်ရောက်ဖမ်းဆီးသွား တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက် ည ၈ နာရီဝန်းကျင်မှာ လက်ဖက်ရည်ဆိုင်နှစ်ဆိုင်က ဆိုင်ရှင်၊ မိသားစုဝင်နဲ့ အလုပ်သမားတွေ အပါအဝင် စုစုပေါင်းအမျိုးသားငါးဦးကို စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

နွားကျောင်းသားတစ်ဦးနဲ့ ထွန်စက်ပြင်ဆရာနှစ်ဦးကတော့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မနက်ပိုင်း အဲဒီစစ်ကြောင်း ပြန်ထွက်ချိန်မှာ စစ်ကြောင်းနဲ့တိုးပြီး ဖမ်းဆီးခံလိုက်ရတာလို့ ဒေသခံတွေက ပြောပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကတော့ စစ်ကောင်စီတပ်သားတွေဟာ နိုင်ငံရေးလုပ်တယ်ဆိုတဲ့ ခေါင်းစဉ်တပ် စွပ်စွဲပြီး ဒေသခံတွေကို အခုလိုဖမ်းဆီးနေတာလို့ RFA ကို ပြောပါတယ်။

“ဘာကြောင့်ဖမ်းလဲဆိုတော့ သူတို့က ဒီနိုင်ငံရေးလုပ်တယ် ခေါင်းစဉ်တပ်ပြီးဖမ်းတာပဲ။ ကျနော်တို့ဆီမှာ အဲလို ယောက်ျားလေးမှန်သမျှ အမြဲအဖမ်းခံနေရတာပဲ။ တောထဲ နွားကျောင်းတဲ့သူတွေကအစ ဖမ်းတာ။ ကျန်တာ မပြောနဲ့ မိန်းကလေးတွေကအစ ဖမ်းတာ”

အဖမ်းခံရတဲ့ ဒေသခံအမျိုးသားရှစ်ဦးဟာ အသက် ၃၀ ကနေ ၄၀ ဝန်းကျင် အရွယ်တွေ ဖြစ်ပြီး ဒီနေ့အချိန်ထိ မိသားစုနဲ့ အဆက်အသွယ်မရသေးဘူးလို့လည်း ဆိုပါတယ်။

ဘယ်နေရာကို ခေါ်ဆောင်သွားလဲဆိုတာ RFA အနေနဲ့ အတည်မပြုနိုင်သေးသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်ကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

ခင်ဦးမှာ အခုလို နိုင်ငံရေးလုပ်တယ်လို့ အကြောင်းပြစွပ်စွဲပြီး အဖမ်းခံရသူတွေထဲမှာ တချို့ပြန်လွတ်လာပေမယ့် အများစုကတော့ ပြန်မလွတ်ကြဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်နေ့ကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ခင်ဦး မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဝင်းအောင်ရဲ့ဇနီး ဒေါ်နီလာနဲ့ သမီးအကြီးဖြစ်သူ ဒေါ်အိနန္ဒာအောင်၊ ပါတီထောက်ခံသူ မခိုင်နဲ့ သူ့ရဲ့ အသက်ခုနစ်နှစ်ခန့် အရွယ် သားဖြစ်သူလည်း အဖမ်းခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။