ခရမ်းမြို့နယ် သပိတ်ခေါင်းဆောင်နေအိမ် မီးရှို့ခံရ
2023.04.15

ရန်ကုန်တိုင်း၊ ခရမ်းမြို့မှာရှိတဲ့ ဒီမိုကရေစီတက်ကြွလှုပ်ရှားသူ သပိတ်ခေါင်းဆောင် ကိုမီးပွားရဲ့ နေအိမ်ကို စစ်ကောင်စီတပ်သားနဲ့ရဲတွေ ဧပြီလ ၁၅ ရက် ဒီနေ့မှာ မီးရှို့ဖျက်ဆီးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ခရမ်းမြို့၊ အမှတ် (၃) ရပ်ကွက်၊ ဦးဝိစာရလမ်းမှာရှိတဲ့ ကိုမီးပွားရဲ့ နေအိမ်ကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့ကတည်းက စစ်ကောင်စီတပ်ဘက်က ချိပ်ပိတ်ထားတာပါ။
တစ်အိမ်တည်းကို ရွေးပြီးမီးရှို့သွားတာဖြစ်လို့ စစ်ကောင်စီတပ်ဟာ မနိုင်နိုင်ရာလုပ်တာလို့ ကိုမီးပွားက RFA ကိုပြောပါတယ်။
“လမ်းကိုနှစ်ဖက်ပိတ်ပြီးတော့ အိမ်တစ်အိမ်တည်းကိုရှို့တာ။ အင်အားကတော့ အယောက် ၅၀ ကျော်လောက် ရှိမယ်။ ပြောရရင် ကြွက်မနိုင် ကျီမီးနဲ့ရှို့တာပေါ့ ”
ဧပြီလ ၁၄ ရက်နေ့က ခရမ်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးဌာနရုံး တိုက်ခိုက်ခံရတာဖြစ်လို့ ဒီနေ့ နေအိမ်မီးရှို့ခံရတာဟာ အဲဒီတိုက်ခိုက်မှုနဲ့ ပတ်သက်နိုင်တယ်လို့ သူကပြောပါတယ်။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အရပ်သားတွေရဲ့ နေအိမ်တွေကို သူတို့ရဲ့တပ်သားတွေ ဘယ်တော့မှမီးမရှို့ဘူးလို့ RFA ကို အရင်က ဖြေဆိုထားဖူးပါတယ်။
သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar ရဲ့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ အစီရင်ခံစာအရ စစ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်အထိ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ တပ်တွေရဲ့ မီးရှို့မှုကြောင့် တစ်နိုင်ငံလုံးမှာ နေအိမ် ၅၅,၄၈၄ လုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။