ခရမ်းမြို့မှာ လ၀ကရုံးတိုက်ခိုက်ခံရပြီး သံသယနဲ့ဖမ်းဆီးခံရသူ ၄၀ ကျော်လာ

RFA Burmese
2023.04.19
ခရမ်းမြို့မှာ လ၀ကရုံးတိုက်ခိုက်ခံရပြီး သံသယနဲ့ဖမ်းဆီးခံရသူ ၄၀ ကျော်လာ ခရမ်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနရုံး တိုက်ခိုက်ခံရမှုတွင် ထိခိုက်ဒဏ်ရာရခဲ့သည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၄ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနရုံး ဧပြီလ ၁၄ ရက်နေ့က တိုက်ခိုက်ခံရပြီးနောက် ဧပြီလ ၁၉ ရက်နေ့အထိ ငါးရက်အတွင်း သံသယနဲ့ဖမ်းဆီးခံရတဲ့ ဒေသခံ ၄၀ ကျော်အထိရှိလာပြီး ဒီနေ့အချိန်အထိ အဆက်အသွယ်မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ခရမ်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနရုံးကို ခရမ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဧပြီလ ၁၄ ရက် နေ့လယ်ပိုင်းမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့ပါတယ်။

အဲဒီနေ့ကစပြီး စစ်ကောင်စီတပ်တွေက ခရမ်းမြို့တွင်း သံသယရှိသူမှန်သမျှကို လိုက်လံဖမ်းဆီးနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"ခုထိတော့ အဆက်သွယ်မရသေးဘူး။ စစ်ကြောရေးလုပ်နေတယ်လို့ ကြားပါတယ်။ ဗီဒီယို(ရုတ်သံမှတ်တမ်း)ထဲ တက်တူးနဲ့လူပါတယ်ဆိုပြီး တက်တူးနဲ့လူတွေ ဖမ်းပြန်ရော။ ဟော ခေါင်းတုံးနဲ့ဆိုပြီး ခေါင်းတုံးတွေဖမ်းပြန်ရော။ အသိဉာဏ်မဲ့၊ မင်းမဲ့စရိုက်တွေနဲ့ ရမ်းကားချင်တိုင်း ရမ်းကားနေကြတာပါ"

စစ်ကောင်စီတပ်သားတွေဟာ လက်ရှိအချိန်အထိ ခရမ်းမြို့ကိုပိတ်ပြီး ရှာဖွေစစ်ဆေးနေတာကြောင့် အနီးအနားရွာတွေက စျေးဆိုင်တွေ ပစ္စည်းရောင်းဝယ်ရ အခက်တွေ့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ ဒေသခံအရေအတွက် နဲ့ပတ်သက်ပြီး RFA အနေနဲ့ သီခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

ခရမ်းမြို့နယ်မှာ အချိန်၊ နေရာမရွေး တိုက်ပွဲဖြစ်နိုင်တာကြောင့် ပြည်သူတွေ အသွားအလာဂရုစိုက်ကြဖို့ ခရမ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဧပြီလ ၁၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။