ကောလင်းမှာ စစ်ယာဉ်တန်း မိုင်းခွဲခံရလို့ စစ်သား ၄၀ သေဆုံးပြီး PDF ဘက်က သုံးဦး သေဆုံး
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့မှာ ဇူလိုင် ၄ ရက် မနေ့က စစ်ကောင်စီကား သုံးစီးကို ကောလင်း ပြည်သူ့ ကာကွယ်ရေးတပ် PDF တွေက မိုင်းခွဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၄၀ လောက် ကျဆုံးတယ်လို့ ကောလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူတစ်ယောက်က ပြောပါတယ်။
စစ်ကိုင်းတိုင်း ကောလင်းမြို့ကို တက်လာတဲ့ စစ်ကားတန်းကို ရွှေဘို-မြစ်ကြီးနား ကားလမ်းမပေါ်မှာ ကောလင်း ပြည်သူ့ကာကွယ်ရေးတပ် PDF တွေက မနေ့က မိုင်းခွဲတိုက်ခိုက်ခဲ့လို့ စစ်သား အယောက် ၄၀ လောက် သေဆုံးသလို၊ PDF ဘက်က သုံးယောက် သေဆုံးတယ်လို့ ကောလင်း ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူတစ်ယောက်က RFA ကို ပြောပါတယ်။
အဲဒီနေရာမှာ နှစ်ဘက်ပစ်ခတ်ချိန် တစ်နာရီလောက် ကြာခဲ့ပြီး စစ်ကား သုံးစီးမှာ နှစ်စီး မီးလောင်တယ်လို့ အမည်မဖော်လိုတဲ့ အဲဒီပုဂ္ဂိုလ်က ပြောပါတယ်။
"အထိအခိုက်ရှိတယ်။ စစ်ကောင်စီဘက်က တော်တော် အကျအဆုံးများတယ်။ ခန့်မှန်းခြေ အယောက် ၄၀၊ ၅၀ လောက်ကျတယ်။ PDF ဘက်ကတော့ သုံးယောက်ကျတယ်။ ကား သုံးစီး ပျက်သွားတယ်။ စစ်ယာဉ်တန်း လာတဲ့အချိန်ကို စောင့်တိုက်တာ။ အဲဒီညနေက ကောလင်းထဲကို ခဏခဏ ဝင်နေတာ။ ပထမရက်ကဝင်တဲ့ ယာဉ်တန်းတွေကလည်း ကောလင်းနယ်ထဲမှာ တပ်လာစွဲနေတာကြောင့် စောင့်တိုက်တယ်လို့ ပြောကြတယ်။ နှစ်ဘက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်တာပေ့ါလေ။ သူတို့ စစ်ယာဉ်တန်းကို မိုင်းတွေ ခွဲလိုက်တဲ့အချိန်မှာ ကျန်ခဲ့တဲ့သူတွေက ပြန်ပစ်တာပေ့ါ။ သူတို့အင်အားက တော်တော်များများ ပါလာတယ်။ ပစ်ခတ်ချိန်က တစ်နာရီလောက်တော့ ကြာတယ်။ စစ်ကား သုံးစီး ပျက်တယ်ပြောတယ်။ နှစ်စီး ကတော့ မီးလုံးဝလောင်သွားတယ်။"
အခုလို စစ်တပ်ဘက်က ထိခိုက်သေဆုံးတာနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
ဇူလိုင် ၃ ရက်နေ့ နေ့လယ် ၁၂ နာရီလောက်က အဲဒီကောလင်းမြို့နယ် ရွာရှည်တောင်ရွာက လူသတ်မှုကို စစ်ဆေးဖို့သွားတဲ့ စစ်တပ်ဘက်က ကား သုံးစီးကို၊ သစ်ဆိမ့်ကုန်းရွာနားမှာ လက်လုပ်မိုင်းတွေ၊ လက်နက်ငယ် တွေနဲ့ တိုက်ခိုက်ခံရလို့ စစ်တပ်ဘက်က ကားတစ်စီး ပျက်စီးသွားပြီး သူတို့ဘက်က တပ်ဖွဲ့ဝင် နှစ်ဦး ဒဏ်ရာ ရခဲ့တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ကောလင်းမှာ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်းတော့ အဲဒီလမ်းကို စစ်တပ်က ပိတ်လိုက်တာကြောင့် သွားလာလို့ လုံးဝမရတော့ပါဘူး။ ကောလင်းမြို့နဲ့ ၁၆ မိုင်အကွာမှာရှိတဲ့ ကျောက်ပုထိုး သတ္တုတွင်းက ဝန်ထမ်းတွေ ကိုလည်း နေရပ်ပြန်ခိုင်းထားပြီး စစ်တပ်က စခန်းချ တပ်စွဲထားသလို၊ ပင်လည်ဘူး၊ ဝန်းသို မြို့နယ်တွေ ဘက်ကလည်း စစ်အင်အားတွေ ဖြည့်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီအပြင် ကောလင်းမြို့ပေါ်မှာ လမ်းတွေကို ရှင်းခိုင်းတာ၊ ဈေးတွေ ပိတ်ခိုင်းတာ၊ မြို့ထဲမှာ သေနတ်တွေ ပစ်ဖောက်နေတာတွေ ရှိနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်။
"ကောလင်းမှာ ဒီရက်ပိုင်းအတွင်း ဒီမနက် အပါအဝင် သူတို့ခြေလျင် ကင်းပတ်တယ်။ လက်နက် အပြည့်အစုံနဲ့ ကင်းပတ်တယ်။ သေနတ်နဲ့ ဟိုချိန်၊ ဒီချိန် လုပ်တယ်။ ညညဆိုရင်လည်း ဗုံးကွဲသံတွေ ကြားရတယ်။ သူတို့ နေရာယူထားတဲ့ဘက်တွေက သေနတ်သံတွေ ကြားရတယ်။ ကျွန်တော်တို့ ပြည်သူတွေ အနေနဲ့ကတော့ မလုံခြုံဘူးဆိုတဲ့ ခံစားချက်ကို ရနေတယ်။ ဒေသခံတွေအနေနဲ့ အရင်ထက် စာရင် လမ်းသိပ်မထွက်ရဲကြတော့ဘူး။ မြို့ပေါ်မှာ လက်နက်ကိုင်ပြီး တပ်စွဲထားတာတော့ သူတို့ပဲရှိတယ်။ အသံနဲ့ ခြိမ်းခြောက်မှုတွေရှိတယ်။"
"မောင်းနေတဲ့ ကားပေါ်မှာပါတဲ့ စစ်သားတွေကနေပြီးတော့ ဝက်စာကျွေးဖို့ဆိုပြီး လမ်းဖြတ်ကူးတဲ့ ကောလင်းမြို့နယ် ညောင်ကုန်းကျေးရွာက ဒေါ်သေး ဆိုတဲ့ အမျိုးသမီးကို ဘာမှအပြစ်မရှိဘဲ လမ်းပေါ်မှာ ပစ်သတ်ထားခဲ့တယ်"
ဒီအတောအတွင်းမှာပဲ ဒီနေ့ ဇူလိုင် ၅ ရက် မနက် ၉ နာရီလောက်မှာ ရွှေဘို-မြစ်ကြီးနား ကားလမ်းမှာ တည်ရှိတဲ့ ညောင်ကုန်းရွာက အသက် ၄၃ နှစ်အရွယ် ဒေါ်သေးဟာ ဝက်စာ သွားကျွေးတဲ့အချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် သေနတ်ကျည် ထိမှန်သေဆုံးခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ဒီနေ့မနက် ၉ နာရီလောက်က မနေ့က တိုက်ပွဲဖြစ်တဲ့ဘက်ကနေပြီးတော့ စစ်ကားတစ်စီးက မောင်းပြီးတော့ အဲဒီလမ်းပေါ်မှာ ဟိုဘက်ဒီဘက် မောင်းနေတာပေါ့။ အဲဒီမောင်းနေတဲ့ ကားပေါ်မှာပါတဲ့ စစ်သားတွေကနေပြီးတော့ ဝက်စာကျွေးဖို့ဆိုပြီး လမ်းဖြတ်ကူးတဲ့ ကောလင်းမြို့နယ် ညောင်ကုန်းကျေးရွာ က ဒေါ်သေး ဆိုတဲ့ အမျိုးသမီးကို ဘာမှအပြစ်မရှိဘဲ လမ်းပေါ်မှာ ပစ်သတ်ထားခဲ့တယ်။ သူ သိပ်မကြာဘူး။ သေနတ်ဒဏ်ရာနဲ့ ဆုံးသွားတယ်။"
ဇူလိုင် ၂ ရက်နေ့ကလည်း ကောလင်းမြို့နယ်ထဲက ရွာတချို့မှာ စစ်တပ်က ဝင်ရောက် ဖမ်းဆီးရိုက်နှက်တာ တွေကြောင့် ကောလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ အဲဒီနေ့မှာပဲ ကောလင်း မြို့ထဲမှာ စစ်တပ်က ပစ်လို့ ဒေသခံ သုံးယောက် ဒဏ်ရာရသွားပါတယ်။ ဇွန်လ ၁၇ ရက် တုန်းကလည်း ကောလင်းမြို့နယ် အိုင်ကြီးရွာနားကို စစ်ကောင်စီတပ်တွေ ရောက်လာပြီး ပစ်ခတ်တာကြောင့် အသက် ၅၀ ကျော်အရွယ် ဒေါ်ပွဲကြည် ဆိုတဲ့ အမျိုးသမီး တစ်ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။