စစ်ကောင်စီတပ်တွေကြောင့် ကယားဒုက္ခသည်တွေ နေရပ်ပြန်ဖို့ ငြင်းဆန်

အေးအေးမွန်(အော်စလို)
2021.06.24

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ပိုင်းက စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြတဲ့ ဒုက္ခ သည်တွေကို အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စခန်းအထိလာရောက်ပြီး နေရပ်ကို ပြန်ခိုင်းတာတွေ ရှိနေပေမယ့် အများစုက မပြန်ရဲတာကြောင့် အခြားနေရာသစ်တစ်ခုကို ထပ်မံပြောင်းရွှေ့နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီ တပ်သားတွေဟာ ဒုက္ခသည်တွေကို နေရပ်ပြန်ခိုင်းတဲ့အပြင် လက်ရှိအချိန်ထိ ဒုက္ခသည်စခန်းမှာ နေထိုင်နေကြတယ်လို့ စစ်ဘေးရှောင် ပြည်သူတွေကို ကူညီပေးနေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ ကယားဒေသခံ တစ်ယောက်က RFA ကို ပြောပါတယ်။

“သူတို့လာပြီးတော့ ပြန်ခိုင်းတယ်၊ ပြန်ခိုင်းပြီးတော့မှ ငါတို့ကာကွယ်မယ်၊ ငါတို့စောင့်ရှောက်မယ်ပေါ့၊ ရှေ့နှစ်ရက် သုံးရက်လောက်ကနေပြီးတော့ ဒီးမော့ဆို အရှေ့ဘက်ခြမ်းမှာ သူတို့က အဲလိုလိုက်ပြောတာ၊ အဲလိုတွေ ပြန်ခိုင်းတယ်၊ တစ်ချို့ကျတော့လည်း သူတို့လာတော့ သူတို့နေတဲ့နေရာကို အခြားနေရာကို ရွှေ့လိုက်တယ်ပေါ့၊ ပြန်လည်း မပြန်ရဲဘူးလေနော်၊ ပြန်ရင်လည်း သူတို့အိုးအိမ်တွေကို အကုန်လုံးဖျက် ထားတော့ ပြန်လည်းဘယ်မှာ သွားပြန်နေမှာလဲ၊ အခုထိလည်းသူတို့က အဲမှာတပ်စွဲထားတာလေ၊ စစ် ရှောင်စခန်းရဲ့ ဆေးခန်းတွေကအစ သူတို့ နေရာဝင်ယူတယ်၊ အဲလိုမျိုးတွေလုပ်တယ်၊ ပြီးတော့ စစ်ရှောင် စခန်းမှာရှိတဲ့ သူတွေကို ထမင်းချက်ခိုင်းတာတွေ၊ ရေခပ်ခိုင်းတာတွေ၊ အဲလိုလုပ်ခိုင်းတယ်ဆိုတော့ တချို့ကလည်း ကြောက်တယ်လေ အဲတော့ နောက်တစ်နေရာ ရွှေ့ကြတာပေါ့၊ တစ်ချိုကလည်း အဲမှာ ပဲရှိတဲ့သူ ရှိသေးတယ်ပေါ့လေ”

ဒီလိုနေရပ်ပြန်ခိုင်းပေမယ့် မြို့ပေါ်ရပ်ကွက်တွေကနေ ထွက်ပြေးလာခဲ့သူတွေကတော့ ပြန်တဲ့သူ မရှိ သလောက်ဖြစ်ပြီး မြို့နဲ့အနီးဆုံး ကျေးရွာတွေက အချို့ကတော့ နေရပ်ပြန်ကြတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"သူတို့အိုးအိမ်တွေကို အကုန်လုံးဖျက်ထားတော့ ပြန်လည်း ဘယ်မှာသွားပြန်နေမှာလဲ"

ပြန်တဲ့သူတွေကလည်း အခုအချိန် လယ်တွေနဲ့ တောင်ယာစိုက်ပျိုးချိန်ဖြစ်တာကြောင့် ခေတ္တပြန်ကြတာလို့ လည်း ဆိုပါတယ်။

အချို့ကလည်း လွိုင်ကော်မြို့ပေါ်ကို ဈေးဝယ်ဖို့သွားကြတာတွေ ရှိပေမယ့် မြို့ပေါ်မှာ မနေရဲသေးတာကြောင့် နီးစပ်ရာကျေးရွာတွေမှာပဲ ပြန်နေနေကြတယ်လို့ ဒေသခံက တစ်ယောက်က RFA ကို ပြောပါတယ်။

“သူတို့က အိမ်ပြန်နေခိုင်းတယ်၊ ဒါပေမဲ့ အိမ်ပြန်မနေရဲကြသေးပဲ ပစ္စည်းတွေပဲ ပြန်သယ်ကြတယ်၊ ပြန် တော့ မနေကြသေးဘူး၊ တချို့တွေကတော့ တောထဲမှာနေတယ်၊ တစ်ချို့ကတော့ ရွာတွေထဲမှာ လိုက်နေ တယ်ရှင့်၊ နည်းနည်းလေးပဲ ပြန်ကြတယ်၊ တချို့တစ်အိမ်တစ်အိမ်မှာ တစ်ယောက်ပေါ့၊ အိမ်ပြန်စောင့်ရုံ လောက်ပဲ ပြန်ကြတယ်၊ တစ်မိသားစုလုံးတော့ မပြန်ကြဘူး၊ လွိုင်ကော်မြို့ထဲလည်း တစ်ခါတလေသွား တယ်၊ နေတော့ မနေဘူးပေါ့၊ ပြီးရင် ရွာပြန်လာတယ်၊ ပစ္စည်းသွားဝယ်တယ်၊ အကုန်လုံး တစ်မိသားစုလုံး တော့ ဘယ်သူမှ မပြန်ကြသေးဘူး”

စစ်ပွဲတွေကြောင့် ဒေသတွင်းမှာ စားသောက်ကုန် ပစ္စည်းတွေပြတ်လပ်နေတာအပြင် ကုန်ပစ္စည်းနှုန်းလည်း တက်နေတာကြောင့် တစ်ချို့ကလည်း ရွာတွေမှာပဲ ရှိတဲ့အသီးအနှံတွေ ရှာဖွေစားသောက်နေရတယ်လို့ ဆိုပါတယ်။

ကရင်နီ အမျိုးသားကာကွယ်ရေးတပ်နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တွေ အပစ်ရပ်ထားတယ် ပြောပေမယ့် မြို့ရွာတွေထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေက ညတိုင်း ရမ်းသမ်းပစ်ခတ်တာတွေ ရှိနေတာကြောင့် မပြန်ရဲကြသေးတာလို့လည်း ပြောကြပါတယ်။

စစ်ကောင်စီက နေရာအနှံ့တပ်စွဲထားတာကြောင့် ဒေသခံတွေဟာ နေရပ်ပြန်ဖို့ ခက်ခဲနေကြတာလို့ ဒီးမော့ဆိုမြို့မှာ လူမှုကူညီရေးလုပ်ပေးနေတဲ့ ဦးပလန်က ပြောပါတယ်။

“တစ်ဝက်တောင် ပြန်မလာသေးဘူး၊ ငါးပုံတစ်ပုံလောက်ပဲ ရှိဦးမယ် ပြန်လာတာဆို၊ မြို့နဲ့လှမ်းတဲ့တော ဘက်ပဲ များမယ်၊ မြို့ဘက်ကျတော့ ဒီးမော့ဆိုမြို့ပေါ့နော် ဒေါငံခါး ငွေတောင် အဲဘက်တွေ လုံးဝလာလို့ မရသေးဘူး၊ အရှေ့ဘက်ခြမ်းလည်း လုံးဝလာလို့ မရသေးဘူးဖြစ်နေတယ်၊ အခုလောလောဆယ်တော့ သုံးသောင်းလောက်တော့ ပြန်လာပြီထင်တယ်၊ အဓိကက အိုးအိမ်မရှိတဲ့သူက ဆိုးတာပေါ့နော်၊ ဒီးမော့ဆို ကတော့ လုံးဝမဖြစ်နိုင်သေးဘူး၊ လွိုင်ကော်ကျတော့ ၅၀ ရာခိုင်နှုန်းလောက်တော့ ဖြစ်လာပြီ၊ စစ်သားတွေ အများကြီး ရှိသေးတယ်နော် ရွာဘက်မှာ၊ ငွေတောင်မှာ ရှိတယ်၊ ဒီးမော့ဆိုမှာရှိတယ်၊ ခြောက်မိုင်မှာ ရှိတယ်၊ ဒါကြောင့်မို့လို့ ပြန်လာဖို့ သိပ်မလွယ်သေးဘူး”

kayah-flee.jpg
(စစ်ကောင်စီတပ်ကြောင့် တောထဲထွက်ပြေးနေရတဲ့ ကရင်နီစစ်ရှောင်များ) Photo: CJ

စစ်ကောင်စီတပ်တွေက ဆက်သွယ်ရေး လမ်းကြောင်းတွေကို ပိတ်ထားတာကြောင့် စားဝတ်နေရေးအတွက် ထိုင်းနိုင်ငံဘက်ကနေတဆင့် ကယားပြည်နယ်ထဲကို ဆန်တင်ပို့ ကူညီဖို့လည်း အခက်အခဲတွေရှိနေတယ်လို့ ဦးပလန်က ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလကတည်းက ဆက်တိုက်ဖြစ်ပွားနေတဲ့ တစ်လကျော်ကြာ တိုက်ပွဲတွေကြောင့် ကရင်နီ (ကယား) ပြည်နယ်ထဲမှာ ဒုက္ခသည် တစ်သိန်းကျော်အထိ ရှိလာပြီး သူတို့အတွက် စားနပ်ရိက္ခာထောက်ပံ့တဲ့ကားတွေ ဖျက်ဆီးခံရတာ၊ လမ်းတွေ အပိတ်ခံထားရတာတွေကြောင့် ဒုက္ခသည်တွေကို ကူညီထောက်ပံ့ဖို့ အခက်အခဲ တွေ ရင်ဆိုင်ခဲ့ရတာပါ။

ကယားပြည်နယ်မှာ နှစ်ဖက်တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ တစ်သိန်းကျော်ရှိတယ်လို့ အခုလ ပထမပတ်မှာ ထုတ်ပြန်တဲ့ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာကြောင့် လက်ရှိဒေသခံတွေရဲ့ ပြောဆိုမှုအရ နေရပ်ကိုပြန်လာတဲ့သူ အရေအတွက်ဟာ တစ်ဝက်တောင် မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။