တန့်ဆည်မြို့ ကပေါင်းကျရွာကို စစ်ကောင်စီတပ်တွေ စီးနင်း၊ ရွာသားတွေထွက်ပြေးနေရ
2021.08.28
ပြီးခဲ့တဲ့ သြဂုတ်လ ၂၆ ရက်နေ့ကစပြီး စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့က ကပေါင်းကျရွာထဲကို စစ်ကောင်စီ တပ်တွေ ဝင်ရောက်စီးနင်းထားတယ်လို့ ဒေသခံရွာသားတွေက RFA ကိုပြောပါတယ်။
နေအိမ်တချို့ကိုလည်း မီးရှို့ဖျက်စီးတာ၊ ရွာဘေးပတ်လည်တွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာတွေ ကြောင့် ရွာသားတွေ နီးစပ်ရာတောတွေထဲ ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။
ထွက်ပြေးနေတဲ့ ရွာသားတွေကို စစ်ကောင်စီတပ်သားတွေက တောနင်းရှာနေတဲ့ အပြင် ရွာမှာကျန်ခဲ့တဲ့ အိမ်မွေး တိရိစ္ဆာန် ကြက်၊ ဝက်တွေကိုလည်း ဖမ်းဆီးသတ်ဖြတ် စားသောက်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထွက်ပြေးနေသူတွေကို စစ်ကောင်စီက သေနတ်နဲ့ လိုက်လံပစ်ခတ်နေလို့ ဒေသခံ မောင်နှမ နှစ်ယောက် မနေ့က သေနတ်ကျည်ထိမှန်ခဲ့ပြီး အကိုဖြစ်သူကတော့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားတယ်လို့ အမည်မဖော်လိုတဲ့ ရွာသားတစ်ဦးက RFA ကိုပြောပါတယ်။
“ကျည်ထိတဲ့သူရဲ့ နာမည်က မိုးဆွေဦးလို့ ခေါ်ပါတယ်။ သူ့ရဲ့အသက်က ၃၀ လောက်ပဲ ရှိပါသေး တယ်။ သူ့ညီမလေးကတော့ အိမွန်လို့ ခေါ်ပါတယ်။ အိမွန်ဆိုတဲ့ ကလေးမလေးကတော့ အသက် ၂၅ လောက်ပဲ ရှိပါသေးတယ်။ အဲဒီ ကလေးမလေးကတော့ လက်မောင်းမှန်တာတဲ့။ သူ့ရဲ့အစ်ကို ဖြစ်သူကတော့ ဗိုက်ကို မှန်တာတဲ့။ ဟောင်းလောင်းပေါက်သွားတာလို့ ပြောပါတယ်။ မနေ့က ၄ နာရီထိုးကို ဆုံးတယ်လို့ သတင်းရတယ်”
ကပေါင်းကျရွာထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတာကြောင့် သေဆုံးသူ ကိုမိုးဆွေဦးရဲ့ ရုပ်အလောင်းကို သူတို့ထွက်ပြေးရင်း ရောက်ရှိနေတဲ့ တောထဲမှာပဲ ဒီနေ့သင်္ဂြိုဟ်မယ်လို့ ရွာသားတွေက ဆိုပါတယ်။
ကပေါင်းကျရွာ ဝင်ရောက် စီးနင်းခံရပြီးနောက် ကိုမိုးဆွေဦးလိုပဲ နောက်ထပ်ဒေသခံရွာသား လေးယောက်ကို စစ်ကောင်စီတပ်သားတွေက သတ်ဖြတ်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် RFA က သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

လက်ရှိ စစ်ကောင်စီတွေရဲ့လက်ထဲမှာ ရွာသား ခြောက်ယောက်လည်း အဖမ်းခံထားရပြီး သူတို့ရဲ့ အသက် အန္တရာယ် စိုးရိမ်ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကပေါင်းကျရွာသား တစ်ယောက်က ပြောပါတယ်။
“ကျွန်မတို့ရွာ အခြေအနေက တော်တော်ဆိုးနေပါတယ်။ နောက်ထပ်ကို ဘယ်လိုဆက်ဖြစ်မလဲ မသိသေး ဘူး။ သူတို့တွေက ရွာထဲမှာလည်းရှိတယ်။ တောကိုလည်း ဆင်းနေတာဆိုတော့ တောထဲနေဖို့လည်း မလုံခြုံဘူးဖြစ်နေပါတယ်။ ရွာထဲကို ဘယ်လိုမှ ကပ်လို့မရဘူး။ သူတို့ရောက်လာတာက ၂၆ ရက်နေ့ ကတည်းက ရောက်လာတာ။ ဒီနေ့နဲ့ဆို သုံးရက်ရှိပါပြီ။ ပထမဆုံး ရောက်တဲ့နေ့က မထင်မှတ်ဘဲနဲ့ မိသွားတဲ့ သူတွေလည်းရှိပါတယ်။ သူတို့လက်ထဲမှာ မိသွားတဲ့သူ ခြောက်ယောက်လောက်တော့ ရှိတယ်။ အဲလူတွေကိုလည်း သတ်ထားတယ်လို့ ကြားတယ်။ ကျွန်မတို့ ဘယ်လိုမှတော့ သွားကြည့်လို့မရဘူး။ ရွာထဲမှာ အိမ်တစ်လုံး မီးရှို့ထားတာကိုလည်း မီးတောက်ကြီးကို ကျွန်မတို့ မျက်စိနဲ့မြင်ပါတယ်။ ဘယ်သူ့အိမ် ဆိုတာကိုတော့ ကျွန်မတို့မသိဘူး”
ဒီနေ့ သြဂုတ် ၂၈ ရက်မနက်ပိုင်းမှာတော့ အင်အား ၈၀ လောက်ရှိတဲ့ စစ်ကောင်စီ တပ်သားတွေဟာ ကပေါင်းကျရွာကနေ လိပ်ချိုင်ရွာဘက်ကို တောနင်းပြီး တက်လာတာကြောင့် လိပ်ချိုင်ရွာက လူ ၉၀၀ လောက်လည်း ထွက်ပြေးတိမ်းရှောင်နေရပြီလို့ ဆိုပါတယ်။
"သူတို့လက်ထဲမှာ မိသွားတဲ့သူ ခြောက်ယောက်လောက်တော့ ရှိတယ်။ အဲလူတွေကိုလည်း သတ်ထားတယ်လို့ ကြားတယ်။"
စစ်ကောင်စီတပ်သားတွေက ရွာသားတွေကိုဖမ်းမိရင် သေနတ်နဲ့ပစ်သတ်တာ၊ အသက်အန္တရာယ် ခြိမ်းခြောက် တာတွေကြောင့် ကြောက်လန့် ထွက်ပြေးနေရတယ်လို့ ဒေသခံတစ်ဦးကလည်း ပြောပါတယ်။
“ရွာဘက်တွေကကျတော့ တော်တော်စိုးရိမ်ရတယ်။ သူတို့သတ်ခံရမှာ ကြောက်နေကြတယ် ပေါ့နော်။ အကုန်လုံး ရွာဘက်တွေကကျတော့။ အခုဆိုရင် ချောင်းရေတွေလည်း ကျတဲ့ အခါကျတော့ တော်တော် များများ အခက်အခဲတွေတော့ အများကြီးရှိတယ်။ ငြိမ်းချမ်းချင်ပါပြီ အကိုရယ် အခုကအကုန်လုံး ဒုက္ခ ရောက်နေတာ ကိုဗစ်နဲ့ရောဆိုတော့ စားဝတ်နေရေးကစ အကုန်ကျပ်တည်းနေကြပြီဆိုတော့ စစ်ကောင်စီ က ဒီလိုမျိုးလုပ်နေတယ်ဆိုတော့ ပိုပြီး အခက်တွေ့တာပေါ့နော်။ ပြည်သူတွေ ပိုအခက်တွေ့တာပေါ့နော်”
အိမ်ခြေ ၇၀၀ လောက်ရှိတဲ့ ကပေါင်းကျရွာမှာ ဘုန်းတော်ကြီးကျောင်း သုံးကျောင်းရှိပြီး အခုလက်ရှိ အခြေ အနေကြောင့် ဘုန်းကြီးတွေလည်း ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ဘုန်းကြီးကျောင်းက ကားတွေကိုလည်း စစ်ကောင်စီတပ်သားတွေက ယူသွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းလိုက်ပြီးနောက် အစောပိုင်းကာလတွေမှာ တန့်ဆည်မြို့ဟာ လူအင်အား သိန်းနဲ့ချီနေ့တိုင်း ဆန္ဒထွက်ပြခဲ့ကြတဲ့ မြို့ဖြစ်ပါတယ်။ အဲဒီနောက် စစ်ကောင်စီကို ပြန်လည် တိုက်ခိုက်ဖို့ ဒေသခံ ခုခံကာကွယ်ရေးတပ်တွေ ဖွဲ့စည်းလာကြချိန်မှာတော့ ဒီကပေါင်းကျရွာထဲမှာ ဒေသခံ ခုခံကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ ရှိနေတယ်လို့ ယူဆပြီး ဧပြီလလယ်လောက်ကစလို့ စစ်ကောင်စီက ဒီရွာကို အကြိမ်ကြိမ် ဝင်ရောက်စီးနင်းခဲ့တာ အခုဆိုရင် ၇ ကြိမ် ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။ ကပေါင်းကျရွာ နားမှာရှိတဲ့ ဒေသခံ ခုခံကာကွယ်ရေးတပ်တွေဟာလည်း စစ်ကောင်စီကို ခုခံပစ်ခတ်တာတွေ မလုပ်ဘဲ လတ်တလောမှာ တိမ်းရှောင်နေကြတယ်လို့ဆိုပါတယ်။
ဒီရွာစီးနင်းမှုနဲ့ ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီသတင်း သတင်းမထုတ်လွှင့်ခင်အချိန်ထိ တယ်လီဖုန်းကနေ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။ စစ်တပ်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းဟာ အာဏာမသိမ်းခင်အချိန်က RFA က ဖုန်းနဲ့ ဆက်သွယ်ရင် လက်ခံဖြေဆိုတာ ရှိခဲ့ပေမယ့် အာဏာသိမ်းပြီးချိန်ကစလို့ RFA ရဲ့ ဆက်သွယ်မေးမြန်းချက် တွေကို ဖုန်းလက်ခံဖြေဆိုတာ လုံးဝမရှိပါဘူး။