ကနီမြို့နယ် နတ်ကြီးရွာက အိမ်ဆယ်လုံး မီးရှို့ခံရ

2022.01.23
ကနီမြို့နယ် နတ်ကြီးရွာက အိမ်ဆယ်လုံး မီးရှို့ခံရ ၂၀၂၂ ဇန်နဝါရီ ၂၃ ရက်က စစ်ကောင်စီတပ် မီးရှို့ခဲ့တဲ့ ကနီမြို့နယ်၊ နတ်ကြီးရွာက နေအိမ်တွေကို တွေ့ရစဥ်
Photo: Citizen Journalist

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ နတ်ကြီးရွာထဲကို ဇန်နဝါရီ ၂၃ ရက် ဒီနေ့မှာ စစ်ကောင်စီ တပ်ဖွဲ့ ဝင်တွေ ရောက်လာကြပြီးနောက် နေအိမ်ဆယ်လုံးကျော် မီးရှို့ဖျက်ဆီးခံလိုက် ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
ရွာထဲကို စစ်သားတွေဝင်လာလို့ တစ်ရွာလုံးထွက်ပြေးခဲ့ကြရပြီး လူတွေမရှိတဲ့အချိန် အိမ်တွေကို မီးရှို့သွားကြတယ်လို့ အမည်မဖော်လိုတဲ့ နတ်ကြီးရွာသားတစ်ယောက်က ပြောပါတယ်။
 
“စစ်သားတွေ ရောက်လာတယ်ဆိုလို့ တစ်ရွာလုံးထွက်ပြေးနေတာကို မီးရှို့သွားတာ၊ နေ့ခင်းက သူတို့ မရှိတော့ဘူးဆိုလို့ ရွာပြန်ပြီး မီးငြှိမ်းနေတဲ့အချိန် စစ်သားတွေ ဒီဘက်ပြန်လာနေပြီဆိုလို့ ပြီးအောင်တောင် မငြှိမ်းနိုင်ဘဲ ပြန်ထွက်ခဲ့ရတယ်၊ အခု အချိန်ထိ ရွာတွေကိုပတ်ပြီး စစ်ကောင်စီက စစ်ကြောင်း ထိုးနေတုန်းပဲ“
 
ဇန်နဝါရီ ၂၂ ရက် မနေ့ကလည်း မုဌောရွာထဲက နေအိမ်အချို့ ဖျက်ဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။
ချင်းတွင်းမြစ်ကြောင်းအတိုင်း အထက်ကိုတက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရေယာဉ်တွေကို မြစ်ကြောင်းဘေးတလျှောက်ကနေ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ PDF တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ PDF တပ်ဖွဲ့တွေက မနေ့က သတင်းထုတ်ပြန် ထားပါတယ်။
 
ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးသလို အဲဒီရွာတွေ မီးရှို့ခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။
 
လတ်တလောမှာတာ့ နတ်ကြီး၊ ရွာသာနဲ့ ဝါးချောင်း အပါအဝင် ရွာပေါင်း ငါးရွာလောက်က ဒေသခံ နှစ်ထောင် ဝန်းကျင်ဟာ ဘေးလွတ်ရာ တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင် နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။