ကန့်ဘလူ ဇော်ချောင်းရွာ မီးရှို့ခံရပြီး အနီးအနားဒေသခံ ငါးထောင်ခန့်ပါ ထွက်ပြေးရ

2022.10.04
ကန့်ဘလူ ဇော်ချောင်းရွာ မီးရှို့ခံရပြီး အနီးအနားဒေသခံ ငါးထောင်ခန့်ပါ ထွက်ပြေးရ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် တိမ်းရှောင်နေရသည့် စစ်ဘေးဒုက္ခသည်များအား ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့က တွေ့ရစဉ်။
Photo: Citizen Journalist

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇော်ချောင်းရွာကို အောက်တိုဘာ ၄ ရက် ဒီနေ့မနက်ပိုင်း စစ်ကောင်စီတပ် ဝင်ရောက်လာပြီး နေအိမ်တချို့ကို မီးရှို့နေတယ်လို့ ဒေသခံတွေက ပြော ပါတယ်။

စစ်ကြောင်း ဝင်ရောက်လာတာကြောင့် ဇော်ချောင်းရွာအပါအဝင် အနီးအနားက သင်တော၊ လွင်ကြီးနဲ့ အလယ်ခုံ စတဲ့ ရွာတွေက ဒေသခံ ငါးထောင်လောက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း ဆိုပါတယ်။

ဒီနေ့မနက် အစောပိုင်းမှာ အင်အား ၇၀ လောက်ပါတဲ့ စစ်ကြောင်းဟာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်လာပြီး ရွာကို မီးရှို့နေတာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“မနက် ၆ နာရီ ကျော်လောက်မှာ ဇော်ချောင်းရွာဘက်ကို လက်နက်ကြီး၊ လက်နက်ငယ် တွေနဲ့ ပစ်ဝင်တာ ၈ နာရီ ၁၁ မိနစ်မှာ မီးစရှို့တယ်။ ရွာတွေက မနက်မလင်းခင် ကတည်းက ထွက်ပြေးနေရတယ်။ မီးလောင်တဲ့ အရေအတွက်တော့ မသိသေးဘူး။ မီးခိုးတွေ လှမ်းမြင်နေရတယ်”

ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့ကလည်း စစ်ကောင်စီတပ်သားတွေဟာ ဇော်ချောင်းရွာက အိမ်ခြေ ၅၀ လောက်ကို မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကြောင်းဝင်ရောက်လာပြီး မီးရှို့တာလို့ ဒေသခံတွေက ပြောဆိုကြပေမယ့် RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စစ်ကြောင်းတွေအနေနဲ့ ကျေးရွာတွေထဲ ဝင်ရောက်တာ မရှိသလို နေအိမ်တွေကို မီးရှို့တယ်ဆိုတာ စွပ်စွဲချက်တွေ သာဖြစ်တယ်လို့ ဇွန်လ ၆ ရက်နေ့ RFA က မေးမြန်းချိန်မှာ တုံ့ပြန်ငြင်းဆိုထားပါတယ်။

အာဏာသိမ်း လပေါင်း ၂၀ ကျော်အတွင်း ကန့်ဘလူမြို့နယ်ထဲက အင်ငုတ်တို၊ ထန်းတော၊ ပေလည်၊ ရဲဒွေး၊ ပုဏ္ဏားကြီး၊ တင်မော်၊ ဥကင်းကြည်၊ ဆားကျင်း၊ ပိတောက်ပင်၊ ညောင်ပေါင်ရင်း၊ ကံကြီး၊ ကျွန်းကုန်း၊ ရွာသစ်ကုန်း၊ ဇော်ချောင်း၊ ကိုင်းမ၊ လွှဲဆိပ်၊ လျှော်ဖြူ ကုန်း၊ နှောကုန်း၊ အလယ်ခုံ အစရှိတဲ့ ရွာပေါင်း ၂၀ ကျော်က နေအိမ်တွေ မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့ မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ရဲ့ စက်တင်ဘာ ၂၀ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာ သိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝန်းမှာ နေအိမ်ပေါင်း ၃၆,၂၀၉ လုံးထက်မနည်း မီးရှို့ခံ ခဲ့ရပြီး အဲဒီအထဲကမှ စစ်ကိုင်းတိုင်းက ၂၅,၃၇၇ လုံးနဲ့ အများဆုံး မီးရှို့ခံရတဲ့ ဒေသဖြစ်ပါ တယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။