စစ်ကောင်စီတပ်ရဲ့ နယ်မြေရှင်းလင်းမှုကြောင့် ကန့်ဘလူဒေသခံ နှစ်သောင်းခန့် ထွက်ပြေးနေရ
2025.03.05

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က မန္တလေး-မြစ်ကြီးနား ကားလမ်းမကို စစ်ကောင်စီတပ်က ထိန်းချုပ်နိုင်ဖို့ အင်အားအလုံးအရင်းနဲ့ နယ်မြေရှင်းလင်းနေတာကြောင့် ဒေသခံ နှစ်သောင်းနီးပါး ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက RFA ကို မတ်လ ၅ ရက်နေ့မှာ ပြောပါတယ်။
လက်ရှိမှာ မန္တလေး-မြစ်ကြီးနား ကားလမ်းမပေါ်မှာရှိတဲ့ ငှက်ပျောတိုင်းရွာတစ်ဝိုက်မှာ စစ်ကောင်စီတပ်က အပြင်းအထန် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
"ကန့်ဘလူမြို့နယ် တောင်ဘက်အခြမ်းမှာဆိုရင် ပြီးခဲ့တဲ့လ ၂၆ ရက်လောက်ကစလို့ ဒေသခံတွေ တိမ်းရှောင်နေကြရတာ။ တိုက်ပွဲတွေလည်း ပြင်းထန်နေတယ်။ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းက အများကြီးရှိနေတာ။ ငှက်ပျောတိုင်းရွာဘက်မှာလည်း ရှိတယ်။ ဇီးကုန်းရွာဘက်ရော၊ ကာဘိုးရွာဘက်ရောဆိုတော့ ရွာပေါင်း နှစ်ဆယ်ကျော်ရှိမယ်၊ ထွက်ပြေးနေကြရတာ။ အခုအချိန်က ရေရှားတဲ့အချိန်ဆိုတော့ ပြည်သူတွေလည်း တိမ်းရှောင်ရတာ အခက်အခဲ ရှိတာပေါ့။ တိမ်းရှောင်ရတဲ့ရွာတွေက ဘာကြောင့်ရှောင်ရတာဆိုရင် စစ်ကောင်စီတပ်က စစ်ကြောင်းထွက်သွားပြီဆိုရင် နောက်မှာ ကင်းသဘောမျိုးနဲ့ ချန်ထားခဲ့တာ။ အဲဒီကနေ ဒရုန်းနဲ့လိုက်ချတာ။ ပြည်သူတွေကလည်း အဲဒါကြောင့် ရွာထဲ ပြန်မနေရဲကြတာ"
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းကစလို့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးလှုပ်ရှားမှုတွေ၊ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက် မှုတွေအပြင် ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံ နှစ်သောင်းနီးပါး ထွက်ပြေးနေကြရတာလို့ ဆိုပါတယ်။
ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ရွာတွေအထဲ ထက်ဝက်လောက်ဟာ မန္တလေး-မြစ်ကြီးနား ကားလမ်းမပေါ်က ကျေးရွာတွေဖြစ်တယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ကန့်ဘလူအခြေစိုက် စစ်ကောင်စီရဲ့ ခမရ (၃၆၁) နဲ့ ပြည်သူ့စစ် အင်အား သုံးရာခန့်ဟာ မန္တလေး-မြစ်ကြီးနား ကားလမ်းဘေးမှာရှိတဲ့ ငှက်ပျောတိုင်းရွာကို ဝင်ရောက်စီးနင်းခဲ့ပြီး ကျေးရွာကာကွယ်ရေးအဖွဲ့ခေါင်းဆောင် အပါအဝင် သုံးဦးကို ဖမ်းဆီးသတ်ဖြတ်သွားတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
အဲဒီနောက် မတ်လ ၂ ရက်နေ့နဲ့ ၃ ရက်နေ့တွေမှာ ငှက်ပျောတိုင်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၂၁ ဦး သေဆုံးပြီး၊ ၅၇ ဦး ဒဏ်ရာရခဲ့သလို ကာကွယ်ရေးပူးပေါင်းတပ်တွေဘက်က ငါးဦး ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။
စစ်ကောင်စီတပ်ဘက်က သေဆုံး၊ ဒဏ်ရာရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကတော့ ငှက်ပျောတိုင်းရွာအနီးက ခအုံးတာ၊ ပေကြီးရွာနဲ့ ဇီးကုန်းမြို့အရှေ့ဘက်က ထနောင်းကိုင်းရွာအပြင် မတ်လ ၄ ရက်နေ့မှာ ရွှေဘို-မြစ်ကြီးနား ကားလမ်းပေါ်မှာရှိတဲ့ ဇီးကုန်း-မလယ် လမ်းဆုံက နေအိမ်တွေ၊ နှစ်ရက်အတွင်း နေအိမ်စုစုပေါင်း ၂၅၀ နီးပါး မီးရှို့ခံခဲ့ရတယ်လို့လည်း ပြောပါတယ်။
မတ်လ ၃ ရက်နေ့ကလည်း ကန့်ဘလူမြို့နယ် ဇီးကုန်းသကြားစက်ကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ကားနှစ်စီးကို ကာကွယ်ရေးပူးပေါင်းတပ်တွေက နတ်တောင်ရွာအနားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့သလို ကားကိုပါ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကန့်ဘလူခရိုင် တပ်ရင်း (၄) က ထုတ်ပြန်ထားပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ ဦးညွန့်ဝင်းအောင်ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။
ဖေဖော်ဝါရီလ ၁၉ ရက်နေ့ကလည်း ကန့်ဘလူမြို့နယ်၊ ငှက်ပျောတိုင်းရွာအနီးက ပေကြီးရွာကို စစ်ကောင်စီတပ် စစ်ကြောင်းက ဝင်ရောက်စီးနင်းခဲ့ပြီး အရပ်သား သုံးဆယ်ခန့် ဖမ်းဆီးထားပြီး ဒီနေ့အထိ ပြန်လွှတ်ပေးတာမရှိသေးဘူးလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
မြန်မာနိုင်ငံတစ်ဝန်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ သုံးသန်းခွဲနီးပါးအထိ စံချိန်တင် များပြားလာနေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။