EAO နဲ့ PDF ထိန်းချုပ်နယ်မြေတွေကို စစ်ကောင်စီ စက်သုံးဆီ ပိတ်ဆို့ဖြတ်တောက်ထား
2025.01.03

ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းက တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ထိန်းချုပ်ထားတဲ့ ဒေသတွေဆီ စက်သုံးဆီ တင်ပို့မှု ဖြတ်တောက်ပိတ်ဆို့ထားကြောင်း စစ်ကောင်စီက ဒီဇင်ဘာလ ၂ ရက်နေ့မှာ ထုတ်ဖော်ပြောကြားပါတယ်။
ကိုးကန့်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေဆီ စက်သုံးဆီ မရောက်ရှိအောင် ပိတ်ဆိုထားတာလို့လည်း ဆိုပါတယ်။
"စက်သုံးဆီက အဓိကပြည်သူတွေအတွက်ပဲ"
ဒီလို ပိတ်ဆို့ပေမဲ့ အဲဒီဒေသတွေကို စက်သုံးဆီဖြန့်ဖြူးနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အရပ်သား ၁၇ ယောက်ကို ဖမ်းဆီးလိုက်ပြီး အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှု ဥပဒေ ပုဒ်မ ၅ အရ အရေးယူမယ်လို့ စစ်ကောင်စီက ပြောပါတယ်။ အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှု ဥပဒေ ပုဒ်မ ၅ မှာ အမြင့်ဆုံး ထောင်ဒဏ်သုံးနှစ်ထိ ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။
ဒီလူတွေဟာ မန္တလေးတိုင်းကနေ KIA ထိန်းချုပ်ထားတဲ့ ဖားကန့် ကျောက်စိမ်းလုပ်ကွက်တွေ၊ တနိုင်းဒေသ ရွှေတွင်းနဲ့ ပယင်းတူးဖော်ရေး လုပ်ငန်းတွေ၊ PDF တွေ ထိန်းချုပ်ထားတဲ့ ကောင်းလင်းမြို့နယ်နဲ့ ချင်းတွင်းမြစ်တစ်လျှောက်က ရွှေလုပ်ကွက်တွေထံ စက်သုံးဆီတွေ ဖြန့်ဖြူးနေတာလို့ စစ်ကောင်စီက စွပ်စွဲပါတယ်။
ဆက်နွှယ်သော သတင်းများ
တရုတ်နဲ့ စစ်ကောင်စီတပ် ပိတ်ဆို့မှုကြောင့် ကချင်နဲ့ ရှမ်းမြောက်ဒေသခံတွေ ပိုခက်ခဲလာ
စစ်ကောင်စီရဲ့ ကန့်သတ်မှုကြောင့် ချင်းပြည်နယ်တောင်ပိုင်းမှာ ကုန်စည်ပြတ်လပ်လာ
နိုင်ငံတစ်ဝန်း စစ်ဘေးဒုက္ခသည် သုံးသန်းခွဲနီးပါး စားနပ်ရိက္ခာနဲ့ အကူအညီတွေ လိုအပ်
ဒီ့အပြင် ကမ္ဘာကျော် ပတ္တမြားထွက်ရှိရာ TNLA ထိန်းချုပ်ဒေသက မိုးကုတ်မြို့က ကျောက်တွင်းတွေနဲ့ PDF တွေ ထိန်းချုပ်ထားတဲ့ စဉ့်ကူးမြို့နယ်အတွင်းက ရွှေတွင်းတွေဆီ စက်သုံးဆီတွေ တင်ပို့နေတာတွေကို တားဆီးခဲ့တာလို့လည်း ဆိုပါတယ်။
မော်တော်ယာဉ် ၂၂ စီး၊ စက်သုံးဆီမျိုးစုံ ဂါလန် ခြောက်သောင်းကျော် (၆၀၅၄၅ ဂါလန်) နဲ့ ငွေစက္ကူတွေကိုလည်း စစ်ကောင်စီက သိမ်းဆည်းခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်က ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးကတော့ စစ်ကောင်စီရဲ့ ဒီလုပ်ရပ်ဟာ ပြည်သူတွေကို ပိုပြီးဖိနှိပ်ဖို့ ရည်ရွယ်လုပ်ဆောင်တာလို့ ပြောပါတယ်။
“အမှန်က အဲဒါက မဖြစ်သင့်တဲ့ အရာပါဗျာ။ ကျွန်တော်တို့ဘက်မှာ ရွှေတွင်းတွေဘာတွေဆိုတာက လောလာဆယ် ရပ်နားထားရတာလေ။ စက်သုံးဆီက အဓိကပြည်သူတွေအတွက်ပဲ။ ကျွန်တော်တို့ တော်လှန်ရေး အင်အားစုတွေက စက်သုံးဆီက ဒီလောက်အထိ မလိုဘူး။ အခုရွှေတောတွေ ငွေတောတွေ လုပ်နေတယ်ဆိုတာကလည်း အခုလောလောဆယ် ဖောင်ပေါင်းနှစ်ရာကျော်က ရပ်နားထားရတယ်လေ။ သူတို့လုပ်တာက အကြောင်းရှာ၊ ရမယ်ရှာတာပါ။ အဓိက ပြည်သူတွေကို ရိက္ခာဖြတ်တာပါ”
၂၀၂၄ ဒီဇင်ဘာလ ၃၁ ရက်နေ့က စပြီးစစ်ကောင်စီတပ်က စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အတွင်း စက်သုံးဆီနဲ့ စားနပ်ရိက္ခာ တင်းတင်းကျပ်ကျပ် ဖြတ်တောက်လာတယ်လို့ စစ်ကိုင်းတိုင်းအတွင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
စစ်ကောင်စီတပ်က ရွှေဘို-မြစ်ကြီးနားလမ်း ကန့်ဘလူမြို့နယ် ယမနေနဲ့ ရေကြည်ဦးကျေးရွာတွေမှာ အထိုင်ချထားပြီး စားနပ်ရိက္ခာသယ်ယူခွင့်ကို ပိတ်ဆို့ထားသလို ဖြတ်သန်းသွားတဲ့ ခရီးသည်ယာဉ်တွေနဲ့ ကုန်တင်ကား အနည်းဆုံး အစီးသုံးဆယ်ကျော်ကို အခုရက်ပိုင်းမှာ ဖမ်းဆီးစစ်ဆေးခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းကိုလည်း ၂၀၂၄ ခုနှစ် ဇွန်လကစလို့ စစ်ကောင်စီတပ်က စက်သုံးဆီနဲ့ စားသောက်ကုန် တင်ပို့မှုတွေကို ကန့်သတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီလိုပိတ်ဆို့တာကြောင့် စစ်ကောင်စီနဲ့ UWSA “ဝ” တပ်ဖွဲ့ ပူးတွဲ ထိန်းချုပ်တဲ့ တန့်ယန်းမြို့မှာတောင် ဒီဇင်ဘာလကစလို့ စက်သုံးဆီ မကြာခဏ ပြတ်လပ်နေတယ်လို့ တန့်ယန်းမြို့ခံတစ်ဦးက ပြောပါတယ်။
“သူက အရင်လတွေထက် စာရင်တော့ ခဏပြတ်လိုက် ရောက်လာရင်ရောင်းလိုက်၊ ရောက်လိုက်ပြတ်လိုက် အဲလိုဖြစ်နေတာ။ ဈေးက အခုဆိုရင်ခုနစ်ထောင် အပြင်မှာဝယ်ရင်ဆို ဒီထက်ပိုတယ်။ ပြီးခဲ့တဲ့လက ခြောက်ထောင် အခုလ ခုနစ်ထောင်ကျော်လေ။ ခဏခဏပြတ်တယ် ဆီက”
တရုတ်နိုင်ငံဘက်ကလည်း TNLA၊ MNDAA တပ်ဖွဲ့ တွေနဲ့ ထိစပ်နယ်မြေတွေကို စက်သုံးဆီနဲ့ စားနပ်ရိက္ခာတွေ ဖြတ်တောက်ထားတာကြောင့် ဒေသတွင်း စက်သုံးဆီအခက်အခဲ ရင်ဆိုင်နေရတယ်လို့ လားရှိုးမြို့ခံတစ်ဦးက ပြောပါတယ်။
တရုတ်ကြားဝင်မှုနဲ့ စစ်ကောင်စီနဲ့ မြောက်ပိုင်းအဖွဲ့တွေ တွေ့ဆုံဆွေးနွေးပြီး ပိတ်ဆို့ကန့် သတ်မှုတွေ ဖြေလျော့ဖို့အတွက် ဒေသခံတွေက မျှော်လင့်နေကြတာပါ။
ဒါပေမဲ့ နှစ်ဖက်တွေ့ဆုံဆွေးနွေးရေး ပြောနေကြပေမဲ့ ဒီနေ့အထိ မတွေ့ဆုံနိုင်သေးသလို စစ်ကောင်စီက ဆက်လက်ပိတ်ဆို့နေတုန်းပဲလို့ TNLA ပြောခွင့်ရသူ လွေးယေဦးက RFA ကို ပြောပါတယ်။
“လက်ရှိအချိန်အထိတော့ ရှမ်းမြောက်ကို တင်ပို့မယ့် စက်သုံးဆီတွေရော လူသုံးကုန်ပစ္စည်းတွေကိုပါ စစ်ကောင်စီဘက်က ပိတ်ပင်ထားဆဲဖြစ်ပါတယ်။ အခုမှမဟုတ်ဘူးပေါ့နော် တိုက်ပွဲဖော်ဆောင်ပြီးတဲ့ နောက်ပိုင်းမှာ စစ်ကောင်စီက အဲလိုမျိုး ဆောင်ရွက်နေတာဖြစ်ပါတယ်။ အခက်အခဲ စိန်ခေါ်မှုကတော့ အများရှိပါတယ်။ ပိတ်ပင်မှုကြောင့် စက်သုံးဆီပြတ်လပ်မှု ရှိနေတာမျိုးတွေ ဈေးနှုန်းတက်တာတွေ ဖြစ်နေပါတယ်။ တွေ့ ဆုံဆွေးနွေးမှုကလည်း နှစ်ဖက်က သဘောထားတွေ ထုတ်ပြန်ပေမဲ့လည်း လက်တွေ့တွေ့ဆုံဆွေးနွေးနိုင်တဲ့ အခြေအနေမျိုးတော့ မရှိသေးဘူး”
စက်သုံးဆီ ဖြတ်တောက်တာတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်တပ်အရာရှိဟောင်း တစ်ဦးကတော့ တိုက်ပွဲအတွင်းမှာ စစ်ကြောင်းတွေ အလျင်အမြန်ရွှေ့ဖို့ ယာဉ်ယန္တရားတွေ အသုံးပြုတိုက်ခိုက်ရေးဟာ အရေးပါတဲ့အတွက် စစ်တပ်ဘက်က စက်သုံးဆီ ဖြတ်တောက်ရေးကိုအဓိက ထားလုပ်ဆောင်တာလို့ ပြောပါတယ်။
မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ စစ်ကောင်စီရဲ့ ပိတ်ဆို့မှုတွေဟာ ဒေသခံတွေအပေါ် ရိုက်ခတ်နိုင်ပေမဲ့ တော်လှန်ရေးအဖွဲ့တွေအတွက် ရိုက်ခတ်မှုနည်းတယ်လို့ ပြောပါတယ်။
အထူးသဖြင့် မြေရှားသတ္တုနဲ့ ကျောက်စိမ်းလုပ်ကွက်တွေ ပိုင်ဆိုင်ထားတဲ့ KIA တပ်ဖွဲ့အတွက်တော့ ဒီပိတ်ဆို့မှုက ထိရောက်မှာ မဟုတ်ဘူးလို့ ဦးသန်းစိုးနိုင်က ပြောပါတယ်။
“KIA ဒေသမှာ ကျောက်စိမ်းတို့ မြေရှားတို့ရှိနေတော့ တရုတ်က အဲဒါတွေ ရဖို့အတွက် အပေးအယူက လုပ်မှာပါပဲ။ ဒါ့ကြောင့်မို့ စစ်ကောင်စီရဲ့ ကန့်သတ်မှုတွေတွေက KIA ရဲ့ လှုပ်ရှားမှုတွေကို သိပ်ပြီးတော့ ထိထိရောက်ရောက် မဖြတ်နိုင်ဘူးလို့ ကျွန်တော်ကတော့ ယူဆပါတယ်ခင်ဗျ”
၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း MNDAA၊ TNLA တို့နဲ့ ပူးတွဲတိုက်ပွဲဝင်ခဲ့တဲ့ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် (MDY_PDF)၊ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA)၊ ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော် (BPLA) အပါအဝင် ကာကွယ်ရေးတပ်ဖွဲ့တချို့ စစ်ကိုင်းတိုင်းမှာ တပ်မဟာတွေ ဖွဲ့စည်းပြီး အညာမှာ အခြေချလှုပ်ရှားမယ်လို့ ဒီဇင်ဘာလအတွင်းက အသီးသီးကြေညာထားပါတယ်။
ဒါ့ကြောင့် စစ်ကောင်စီက စစ်ကိုင်းတိုင်းကို အာရုံပိုစိုက်လာပြီး ကုန်စည်၊ ဆေးဝါးနဲ့ စက်သုံးဆီပိုမို ဖြတ်တောက်လာနိုင်တယ်လို့ နိုင်ငံရေး လေ့လာသူတွေက သုံးသပ်ကြပါတယ်။