ကန့်ဘလူမှာ ကျေးရွာကာကွယ်ရေးတပ်ဖွဲ့ဝင် သုံးဦး အသတ်ခံရ
2025.02.26

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ငှက်ပျောတိုင်းရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့က ဖေဖော်ဝါရီ ၂၃ ရက်နေ့ မနက်ပိုင်းမှာ ဝင်ရောက်စီးနင်းပြီး ကျေးရွာကာကွယ်ရေးအဖွဲ့ ခေါင်းဆောင် အပါအဝင် သုံးဦးကို ဖမ်းဆီးသတ်ဖြတ်သွားတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက RFA ကို ပြောပါတယ်။
ငှက်ပျောတိုင်းရွာကို ကန့်ဘလူအခြေစိုက် ခြေမြန်တပ်ရင်း ခမရ (၃၆၁) က စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ် အင်အားသုံးရာခန့်က ဝင်ရောက်စီးနင်းခဲ့တာလို့ ဆိုပါတယ်။
အဲဒီ စီးနင်းမှုအတွင်း ငှက်ပျောတိုင်းရွာက နေအိမ်သုံးဆယ်ခန့် မီးရှို့ဖျက်ဆီးပြီး အသက် ၃၀ ကနေ ၅၀ အရွယ်ရှိတဲ့ ကျေးရွာကာကွယ်ရေးအဖွဲ့ ခေါင်းဆောင် ကိုရဲထွန်းနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဖြစ်တဲ့ ဦးဝင်းဇော်နဲ့ နောက်တစ်ဦး သတ်ဖြတ်ခံခဲ့ရတာပါ။
စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဟာ ပြည်သူ့ကာကွယ်ရေး ဝတ်စုံတွေ ဝတ်ပြီး ရွာထဲ စီးနင်းတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကန့်ဘလူမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“PDF ဝတ်စုံဝတ်ပြီး ရွာထဲ စီးနင်းတာ။ သုံးယောက်စလုံး လုံခြုံရေးကင်းမှာ တာဝန်ကျနေချိန် စစ်ကောင်စီ တပ်သားတွေက သတ်သွားတာ”
လက်ရှိမှာ အဲဒီစစ်ကြောင်းဟာ ငှက်ပျောတိုင်းရွာမှာ တပ်စွဲထားပြီး ပေကြီး၊ ယမနေ စတဲ့ရွာတွေကို စစ်ကြောင်းထိုးနေသလို စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ပြီး နယ်မြေရှင်းလင်းရေး လုပ်နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ စီးနင်းတိုက်ခိုက်မှုကြောင့် နှစ်ဖက် စစ်ရေးတင်းမာမှုတွေရှိပြီး ဒေသခံတွေလည်း ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူက ငှက်ပျောတိုင်းရွာမှာ ကာကွယ်ရေးတပ်ဖွဲ့က အထိုင်ချတပ်စွဲပြီး မြစ်ကြီးနား-ရွှေဘိုလမ်းကို ပိတ်ဆို့ထားတာကြောင့် နယ်မြေရှင်းလင်းရေး လုပ်နေပြီး အရပ်သား နေအိမ်တွေကို မီးရှို့တာ မရှိဘူးလို RFA ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ကလည်း ကန့်ဘလူမြို့နယ် ငှက်ပျောတိုင်းရွာအနီးက ပေကြီးရွာကို စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက်စီးနင်းခဲ့ပြီး အရပ်သား သုံးဆယ်ခန့် ဖမ်းဆီးထားတာ အခုအချိန်အထိ ပြန်မလွတ်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။