ကန်ပက်လက်မှာ ဖမ်းဆီးခံထားရသူတွေကို ငွေကြေးနဲ့ လာရွေးခိုင်း

2021.08.24
ကန်ပက်လက်မှာ ဖမ်းဆီးခံထားရသူတွေကို ငွေကြေးနဲ့ လာရွေးခိုင်း ချင်းပြည်နယ် ကန်ပလက်မြို့ ရန်အောင်ရတနာ စေတီဘုရားဝင်းနားမှာ ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရတဲ့ ဒေသခံတစ်ဦး ၂၀၂၁ သြဂုတ်လ ၂၃ ရက်နေ့က တွေ့ရခဲ့စဉ်
Photo: CJ

ချင်းပြည်နယ် ကန်ပလက်မြို့မှာ ဖမ်းဆီးခံထားရတဲ့ လူငယ်တွေကို တစ်ဦးကို ငွေကျပ် ၁၀ သိန်း ပေးရင် ပြန်လွှတ် ပေးမယ်လို့ ရပ်မိ ရပ်ဖအချို့ထံကနေ တစ်ဆင့် ကမ်းလှမ်းမှုတွေ ရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ကန်ပက်လက်မြို့မှာ အာဏာသိမ်းပြီးနောက် ဒီနေ့အထိ ဖမ်းဆီးခံရသူ ၂၀ ခန့်ရှိနေပြီး သူတို့ဟာ ကန်ပလက် မြို့ ရဲစခန်းမှာ ထိန်းသိမ်းခံထားရတာပါ။

အခုလို ကမ်းလှမ်းပြောဆိုမှုတွေ ရှိပေမယ့် ငွေကြေးမတတ်နိုင်တာကြောင့် ငွေနဲ့ ရွေးထုတ်ဖို့အတွက် အခက်အခဲတွေ ရှိနေတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။

ကန်ပလက်မြို့အတွင်းမှာ စစ်တပ်နဲ့ရဲက အထက်တန်းကျောင်း၊ ရဲစခန်းနဲ့ ရန်အောင်ရတနာ စေတီဘုရားဝင်း ထဲမှာ တပ်စွဲထားပြီး မြို့တွင်းမှာ စစ်ဆေးရေး ပိုမိုတင်းကျပ်ထားသလို ဆန်၊ ဆေးဝါး၊ စားသောက်ကုန်ပစ္စည်း သယ်ယူသူတွေကိုလည်း ဖမ်းဆီးတာ၊ ပစ္စည်းတွေသိမ်းယူတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

သြဂုတ်လ ၂၃ ရက် မနေ့ နေ့လယ်ပိုင်းကတော့ စစ်တပ်နဲ့ ရဲက နေရာယူထားတဲ့ ရန်အောင်ရတနာ စေတီ ဘုရားဝင်းနားမှာ ပေါက်ကွဲမှုတစ်ခုဖြစ်လို့ ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

မိုင်းနင်းမိသူဟာ ရဲဝန်ထမ်း ပင်စင်စားတစ်ဦးဖြစ်ပြီး မြန်မာ့စီးပွားရေးဘဏ်ကို ပင်စင်ထုတ်ယူဖို့အတွက် သွားရာမှာ အခုလို ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။