ကလေးမြို့ဒေသခံတစ်ဦး စစ်ကောင်စီရဲ့ စစ်ကြောရေးမှာ သေဆုံးခဲ့ရ

2021.05.26
ကလေးမြို့ဒေသခံတစ်ဦး စစ်ကောင်စီရဲ့ စစ်ကြောရေးမှာ သေဆုံးခဲ့ရ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးခံခဲ့ရတဲ့ ကလေးမြို့ဒေသခံ ကိုမင်းမင်းရဲ့ ရုပ်အလောင်းကို ၂၀၂၁ မေ ၂၅ ရက်နေ့က တွေ့ရစဉ်
Photo: RFA

စစ်ကိုင်းတိုင်း ကလေးမြို့မှာ မေလ ၂၄ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးခံခဲ့ရတဲ့ ကလေးမြို့ ဒေသခံ ကိုမင်းမင်းဆိုသူဟာ နောက်နေ့ မေလ ၂၅ ရက်နေ့မနက်မှာ သေဆုံးခဲ့ရပါတယ်။

နောက်တစ်နေ့ ၂၅ ရက်နေ့မနက် ၉ နာရီကျော်မှာတော့ ကိုမင်းမင်း သေဆုံးကြောင်း မိသားစုကသိခဲ့ရပြီး အလောင်းကို စစ်ဆေးရုံက ရင်ခွဲရုံကို လာထုတ်ဖို့ ဆက်သွယ်အကြောင်းကြားခဲ့တယ်လို့ ကိုမင်းမင်းနဲ့ ဆွေမျိုးနီးစပ်တော်သူ တစ်ယောက်က ပြောပါတယ်။

“အလောင်းသွားထုတ်တော့ ငါးသိန်းပေးလိုက်တယ်။ စိတ်မကောင်းကြောင်းနဲ့ တောင်းပန်ကြောင်း ပြောတယ်။ ဘာလို့သေတာလဲဆိုတာတောင် မမေးရဲခဲ့ပါဘူး။ အလောင်းပြန်ယူလာ အိမ်မှာရေချိုးပေးမှာ တစ်ကိုယ်လုံးမှာ ဒဏ်ရာတွေ တွေ့ရတယ်။ စာသင်ကျောင်း ဗုံးကွဲတဲ့တရားခံကို အထက်က ဖိအားပေး တရားခံရှာခိုင်းတော့ အသကုန်နှိပ်စက်၊ ရိုက်နှက်မေးတာ လက်လွန်သွားတာနေမှာပါ။ ကိုမင်းမင်းက လူအေးပါ။ NLD ထောက်ခံသူဖြစ်တယ်။ သံပုံးတီးပေမယ့် ဆန္ဒပြပွဲတွေလည်း လိုက်လေ့မရှိပါဘူး။ ဒလန်ကြောင့် ဖြစ်သွားတာ”

ကိုမင်းမင်းဟာ ကလေးမြို့ နန်းကလိန်တံတားအနီးမှာ စိတ်ထားမဏ္ဍိုင်ဆိုတဲ့နာမည်နဲ့ ဆိုင်ကယ်ပြင် ဆိုင်ဖွင့်လှစ်ထားပြီး မေလ ၂၄ ရက်နေ့ နေ့လယ်မှာ စစ်သားတွေနဲ့ ရဲတွေရောက်ရှိလာပြီး စစ်မေးစရာရှိလို့ လိုက်ခဲ့ဖို့ ချိုချိူသာသာနဲ့ပြောဆိုခဲ့ပြီး ဒေသကွပ်ကွဲရေး စစ်ဌာနချုပ်ကို ခေါ်သွားခဲ့ပါတယ်။

ကိုမင်းမင်းမှာ သားနဲ့သမီး နှစ်ယောက်ကျန်ခဲ့ပြီး သူရဲ့ဈာပနကိုတော့ မနက်ဖြန် မေ ၂၇ ရက်နေ့ မှာ သာစည်ရွာ သုသာန်မှာ ဂူသွင်းသင်္ဂြိုဟ်မယ်လို့ သိရပါတယ်။

မေလ ၈ ရက်နေ့တုံးကလည်း ရွှေဘိုမြို့မှာ ကဗျာဆရာခက်သီကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားပြီး နောက်ရက်မှာ အသက်မဲ့နေတဲ့ အလောင်းကိုသာ မိသားစုဝင်တွေက လက်ခံရရှိခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ဖူးပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။