ကလေးမြို့နယ် PDF အမျိုးသမီးဆေးတပ်သား ကိုးဦး ထောင် ၁၂ နှစ်စီ ချမှတ်ခံရ
2022.11.29

စစ်ကိုင်းတိုင်း ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အမျိုးသမီးဆေးတပ်သား ကိုးဦး အခုနှစ် အောက်တိုဘာလထဲမှာ ကလေးထောင်တွင်း တရားရုံးကနေ ထောင် ၁၂ နှစ်စီ ချမှတ်ခံလိုက်ရတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက RFA ကို ပြောပါတယ်။
သူတို့အားလုံးဟာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် လက်နက်ကိုင်ဆန့်ကျင်မှုတွေ မြင့်တက်လာတဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၆ ရက်နေ့မှာ အဖမ်းခံခဲ့ရတာပါ။ အဲဒီ့နောက် ကလေးအကျဉ်းထောင်မှာ ချုပ်နှောင်ခံထားရပြီး တပ်တွင်းဆူပူအောင် လှုံ့ဆော်မှု ပုဒ်မ -၅၀၅ (က)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ပုဒ်မ - ၅၀ (ည) တို့နဲ့ တရားစွဲခံခဲ့ရပါတယ်။
ကလေးထောင်တွင်း တရားရုံးကနေ တစ်နှစ်နီးပါးကြာ အမှုစစ်ဆေးပြီးတဲ့နောက် အခုနှစ် အောက်တိုဘာလထဲမှာ သူတို့အားလုံး ထောင် ၁၂ နှစ်စီ ချမှတ်ခံလိုက်ရတယ်လို့ ကလေး မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ဒီနေ့ ပြောပါတယ်။
"၅၀၅ (က) နဲ့က နှစ်နှစ်၊ အကြမ်းဖက်ပုဒ်မနဲ့က ၁၀ နှစ် စုစုပေါင်း ၁၂ နှစ် ချလိုက်တာ ဟုတ်တယ်။ အထဲမှာ ကျန်းမာရေး ကောင်းမွန်တယ်လို့ သိထားတယ်။ ထောင်ထဲမှာ တော့ ခိုင်းတဲ့ အလုပ်တွေ လုပ်နေရတာပေါ့။ စက်တွေ ဘာတွေ ချုပ်နေရတယ်လို့ သိထားတယ်"
သူတို့ကို အလုပ်နဲ့ ထောင်ဒဏ် ပူးတွဲချမှတ်လိုက်တာမဟုတ်ဘဲ ထောင်ထဲမှာ အလုပ်ခိုင်း စေ ခံနေရတာလို့လည်း သူက ဆိုပါတယ်။
ဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသမီးဆေးတပ်ဖွဲ့ဝင်တွေကတော့ ချင်းတိုင်းရင်းသူတွေဖြစ်တဲ့ မန်လွန်းဒိမ်း၊ ညောင်ဒွန့်ကျင်၊ မားလ်ဆောမ်ဒေါင်းအီး၊ လားလ်တန်လွေးအီ၊ ဇမ်ဇိုးဇာမ်၊ လားလ်လွန်စန်းအီး၊ လားလ်မွမ်းကိမ်းအီး၊ ဗန်လားရွန်းအီးနဲ့ မလားလ်ပျန်းဖဲလ်အီး တို့ ဖြစ်ပြီး သူတို့အားလုံး အသက် ၂၀ ကျော်အရွယ်တွေဖြစ်ပါတယ်။
အဲဒီမိန်းကလေးငယ်တွေဟာ စစ်ကြောရေးမှာ ငါးလနီးပါးကြာတဲ့အထိ စစ်သားတွေရဲ့ စစ်ကြောမေးမြန်းတာကို ခံခဲ့ရပြီး အဲဒီကာလတစ်လျှောက်လုံး လုံးဝ ဆက်သွယ်လို့ မရခဲ့ဘူးလို့ လားလ်တန်လွေးအီရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
နောက်ပိုင်းမှာ တချို့ အဆက်သွယ်ရခဲ့ပေမယ့် ဆင်းရဲနွမ်းပါးမှု၊ ထောင်ဝင်စာတွေ့ဖို့ ခက်ခဲမှုနဲ့ အကျဉ်းထောင်တွင်း လျှို့ဝှက်တရားစီရင်မှုတွေကြောင့် အောက်တိုဘာလ အတွင်း ဘယ်နေ့ဘယ်ရက်က ထောင်မိန့် ချလိုက်တယ်ဆိုတာကို အတိအကျ မသိရသလို အကျဉ်းထောင်ဝန်ထမ်းတွေ ရှေ့နေတွေက တစ်ဆင့်သာ ထောင်ချပြီး တစ်လအကြာမှ အမိန့်ချတာကို သိရတာလို့လည်း ကလေးမြို့နယ် PDF တပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
စစ်ကြောခံရတဲ့ ငါးလလုံး သူ သေဆုံးသွားမှာကို စိတ်ပူနေခဲ့ရပြီး အခု နောက်ပိုင်းမှာတော့ နှစ်လတစ်ကြိမ် ထောင်ထဲကို အစားအစာနဲ့ လိုအပ်တဲ့ ပစ္စည်းလေးတွေ ပို့ခွင့်ရနေတယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ လားလ်တန်လွေးအီရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
"ဖမ်းခံရပြီး ငါးလကျော်မှ အဆက်အသွယ်ရတာ၊ အဲဒီအချိန်တွေတုန်းက စစ်ကြော ရေးမှာ ရောက်နေတာလို့ ကြားတာ၊ ငါ့သမီးလေး သေပြီလား၊ ဘယ်လိုနေနေလဲ အသက်ရှင်နေသေးလား နေ့တိုင်းတွေးရတာ၊ ရူးမတတ်ပါပဲ၊ အခုတော့ သူလိုတဲ့ အသုံးအဆောင် ပစ္စည်းတွေကို နှစ်လတစ်ခါ ပို့ပေးနေပါတယ်၊ ပြန်လွတ်မယ့် ရက်ကို လည်း မျှော်နေပါတယ်"
လားလ်တန်လွေးအီ အတွက် ရှေ့နေငှားခွင့်မရ၊ တရားစီရင်မှုကိုလည်း ကြားနာခွင့် မရသလို ထောင် ၁၂ နှစ် အမိန့်ချခံရတာကိုလည်း အာဏာပိုင်တွေက အကြောင်းကြား တာမျိုး မရှိဘဲ လူမှုကွန်ရက်စာမျက်နှာမှာ သတင်းတက်လာမှသာ သိရတာလို့ သူက ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့ဟာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ ဖြစ်ပေမယ့် စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ အမျိုးသမီး ၃၇၀ အသက်သေဆုံးခဲ့ပြီး၊ ၃,၃၈၅ ဦး ဖမ်းဆီးခံထားရကာ ၁၂၇ ဦး အဓမ္မပြုကျင့်ခံခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ရဲ့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ထုတ်ပြန် ထားပါတယ်။