စစ်ကောင်စီလက်နက်ကြီးကြောင့် ကလေးမြို့က မိသားစုဝင် သုံးဦးသေဆုံး
2024.02.21

စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဖေဖော်ဝါရီ ၂၁ ရက် မနက်ကစပြီး စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ထိမှန်လို့ အရပ်သား သုံးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
စစ်ကောင်စီတပ်က တောက်လျှောက် လက်နက်ကြီးနဲ့ ကလေးမြို့ထဲကို ပစ်ခတ်နေတာကြောင့် မွန်းလိုင်ရပ်ကွက်က နေအိမ်တစ်လုံးပေါ်ကို ည ခုနစ်နာရီ၀န်းကျင်မှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး မိသားစု၀င် သုံးဦး သေဆုံးခဲ့တာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ဒီနေ့(ဖေဖော်ဝါရီ ၂၁) တစ်နေကုန် နေရာအစုံကနေ လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ပစ်ကြတယ်။ နေအိမ်ပျက်စီးတာလည်းရှိတယ်။ ဒဏ်ရာရတဲ့သူလည်းရှိတယ်။ ညပိုင်းမှာပိုဆိုးလာတယ်။ မွန်းလိုင်ရပ်ကွက်မှာ လက်နက်ကြီးထိလို့ သုံးယောက်ပွဲချင်းပြီး သေတယ်။ အခုထိအသံက မငြိမ်သေးဘူး။"
သေဆုံးသူတွေဟာ ဦးလာရ်နှုန့်ထာရ် (U Lal Nun Thar)၊ မထန့်ကျွဲ (Mai Than Cuai)နဲ့ မမိုနီကာ (Mai Monica)တို့ဖြစ်ပြီး လေးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း ဆိုပါတယ်။
ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာပဲ စစ်ကောင်စီရဲ့ လက်နက်ကြီးထိမှန်လို့ ကလေးမြို့မြောက်ပိုင်းက လက်ပံ့ချောင်းရွာမှာ ဒေသခံ လေးဦး၊ ပြည်တော်သာရွာက အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားတဲ့ ဖေဖော်ဝါရီ ၂၁ မနက်ကစပြီး ကလေးမြို့ အဝင်ထွက်လမ်းတွေကို စစ်ကောင်စီက ပိတ်ဆို့ထားတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီတုံ့ပြန်ချက်ရဖို့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းစက်ပိတ်ထားပါတယ်။