စစ်ကောင်စီနဲ့ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့တွေ တွေ့ဆုံ

2021.11.02
စစ်ကောင်စီနဲ့ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့တွေ တွေ့ဆုံ စစ်ကောင်စီနဲ့ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့တွေ ၂၀၂၁ နိုဝင်ဘာ ၁ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့စဉ်
Photo: MAD webportal

စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနဲ့ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့ နှစ်ဖွဲ့ နိုဝင်ဘာလ ၁ ရက် မနေ့က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ဆွေးနွေးပွဲမှာ ပါဝင်သူတွေက RFA ကို ပြောပါတယ်။

စစ်ကောင်စီဘက်က ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး ကချင် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ဘက်က ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) နဲ့ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။

တွေ့ဆုံပွဲမှာ ကချင်ပြည်နယ်အတွင်း ၂၀၁၁ ခုနှစ်နောက်ပိုင်း စစ်တပ်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့ အကြား တစ်ကျော့ပြန်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ ဒေသခံ ၂၀၀၀၀ ကျော် နေရပ်ပြန်နိုင်ရေးနဲ့ ရပ်နားထားရတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြန်စနိုင်ရေးကို ဆွေးနွေးခဲ့ကြတယ်လို့ ဆွေးနွေးပွဲမှာ ပါဝင်သူတွေက ပြောပါတယ်။

“အဓိကတော့ စစ်ဘေးဒုက္ခသည်တွေရဲ့ နေရပ်ပြန်ရေး ဒုက္ခသည်စခန်း (IDP) တွေကို ဘယ်လိုပံ့ပိုး ကူညီရမလဲဆိုတဲ့ဟာ၊ IDP တွေကို စောင့်ရှောက်ထားတာ ဘာသာရေးခေါင်းဆောင်တွေဖြစ်လို့ ခေါ်ပြီးတော့ ညှိနိုင်းဆွေးနွေးခြင်းပဲဖြစ်ပါတယ်” လို့ PCG အဖွဲ့မှာ ပါဝင်တဲ့ ဦးလမိုင်ဂွမ်ဂျာက RFA ကို ပြောပါတယ်။

ငြိမ်းချမ်းရေးအတွက် တိုက်ပွဲတွေမဖြစ်ဖို့နဲ့ ပစ်ခတ်ရပ်စဲရေးအတွက် အမြန်ဆုံးတွေ့ဆုံပြီး biliteral လက်မှတ်ရေးထိုးဖို့ကို ဘာသာရေးအဖွဲ့တွေနဲ့ ပြည်သူတွေက သက်ဆိုင်ရာ EOAs တွေကို ပြောပေးဖို့ စစ်ကောင်စီဘက်က ပြောဆိုခဲ့တယ်လို့လည်း ဦးလမိုင်ဂွမ်ဂျာက ဆိုပါတယ်။

KBC ဟာ စစ်ဘေးရှောင်တွေနေရပ်ပြန်ဖို့ ကြိုးပမ်းနေတဲ့အဖွဲ့အစည်းဖြစ်ပြီး PCG ကတော့ စစ်တပ်နဲ့ KIA အပါအဝင် မြောက်ပိုင်းမဟာမိတ်တွေအကြား ဆွေးနွေးပွဲဖြစ်လာရေး ကြားဝင်ဆောင်ရွက်နေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။

စစ်တပ်ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) မှာ လက်မှတ်မထိုးရ သေးတဲ့ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးနိုင်ဖို့ အာဏာသိမ်းပြီးတစ်လအကြာ မတ်လကတည်းက ကမ်းလှမ်းထားတာဖြစ်ပေမယ့် ခုချိန်အထိ ဆွေးနွေးပွဲတွေဖြစ်မလာသေးပါဘူး။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကတော့ စစ်တပ်က အာဏာမသိမ်းခင် ပဏာမ အပစ်ရပ်စာချုပ် တစ်စောင် ချုပ်ဆိုနိုင်ဖို့ NLD အစိုးရအပါအဝင် စစ်တပ်ရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေး ခဲ့ဖူးပါတယ်။

မနေ့က စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြတာဟာ စစ်ဘေးဒုက္ခသည်အရေးသာဖြစ်ပြီး နိုင်ငံရေးကိစ္စ မပါဝင်သလို KIO ကိုလည်း ကိုယ်စားပြုမှုမရှိဘူးလို့ KIO သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

စစ်ကောင်စီ ပြောခွင့်ရ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေဖြစ်လာဖို့ သူတို့ဘက်ကကြိုးစား နေတယ်လို့ RFA ကို ပြောပါတယ်။

လက်ရှိမှာတော့ ကချင်၊ ကရင်၊ ချင်း၊ ကယား၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတွေမှာ စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ အပါအဝင် ဒေသခံကာကွယ်ရေးအဖွဲ့တွေအကြား နေ့စဉ်နီးပါး တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။