ကချင်အမျိုးသားကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဖမ်းဆီးခံရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့အခြေစိုက် ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) ဥက္ကဋ္ဌ ဒေါက်တာ M ကောန်လဟာ ဩဂုတ်လ ၂၅ ရက် မနေ့ညနေက သူ့ရဲ့နေအိမ်ကနေ ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေါက်တာ Mကောန်လဟာ အာဏာသိမ်းပြီးနောက် ဖွဲ့စည်းထားတဲ့ ကချင်ပြည်သူ့နိုင်ငံရေး ရှေ့ဆောင်အဖွဲ့ (KPPF) မှာလည်း ပါဝင်နေသူဖြစ်ပြီး သူဖမ်းဆီးခံရတာ ဟုတ်မှန်ပေမယ့် စစ်ကောင်စီက ဘာကြောင့်ဖမ်း ဆီးတယ်ဆိုတာ မသိရသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ KPPF အဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) ဟာ ဖေဖော်ဝါရီလအတွင်းက စစ်ကောင်စီ ဩဇာခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) ရဲ့ ဖိတ်ကြားချက်ကိုလည်း တက်ရောက်ဖို့ ငြင်းဆိုခဲ့ပြီး အာဏာရှင်စနစ် ကျဆုံးရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ပေါ်ထွန်းရေးအတွက် ပါတီကရည်ရွယ်ထားတယ်လို့ ထုတ်ပြန်ခဲ့တဲ့ ပါတီဖြစ်ပါတယ်။
ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) ကို ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်မှာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပြီး ပါတီဗဟိုဌာနချုပ် မြစ်ကြီးနားမြို့၊ ဒူကတောင်ရပ်ကွက်မှာ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။