သားဖြစ်သူမမိလို့ မိဘနှစ်ပါးအပါအဝင် မိသားစုဝင် ၇ ယောက်ကို စစ်ကောင်စီ ဖမ်းဆီး
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသား ကိုဉာဏ်ဝင်းထက်ရဲ့မိဘနှစ်ယောက်နဲ့ အသက် ၁ဝနှစ်ကျော် ကလေးနှစ်ယောက်အပါအဝင် မိသားစုဝင် ၇ ယောက်ကို စစ်ကောင်စီတပ်ဖွဲ့က ဓားစာခံအဖြစ် မေလ ၁ရက်နေ့ညက နေအိမ်ကနေ ဖမ်းဆီးသွားတယ်လို့ ကျောင်းသားများသမဂ္ဂက သတင်းထုတ်ပြန်ပါတယ်။
ကိုဉာဏ်ဝင်းထက်ကို ဖမ်းဆီးဖို့ နေအိမ်မှာ လာရောက်ရှာဖွေတာဖြစ်ပေမယ့် မမိလို့ ကျန်ခဲ့တဲ့ မိသားစုဝင် ၇ ယောက်ကို ဖမ်းဆီးသွားတာလို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“အရင်ကလည်း သူ့အိမ်ကို တစ်ခါလာရှာဖူးတယ်၊ အခုမေလ ၁ ရက်နေ့ည ၁၁ နာရီလောက်က အိမ်ကို ထပ်လာတာမှာတော့ သေနတ်တစ်ချက်ဖောက်သွားတယ်၊ ပြီးတော့ ကျန်ခဲ့တဲ့ မိသားစုပေါ့ သူ့အဖေ၊ အမေနဲ့ အသက် ၁၂နှစ်နဲ့ ၁၄ နှစ် ကလေးနှစ်ယောက်ပါ ဖမ်းသွားတာ။ စုစုပေါင်း ၇ယောက်၊ သူ့အိမ်သားတွေအကုန်ပဲ”
ဖမ်းဆီးသွားသူတွေကို အခုအထိ ဒေါပုံရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့လည်း သူက ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ရဲ့ အခုလိုလုပ်ရပ်ကို နိုင်ငံတကာသံရုံးတွေ၊ အဖွဲ့အစည်းတွေကို အကြောင်းကြားသွားမယ်လို့လည်း ကျောင်းသားများသမဂ္ဂအဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ကိုဉာဏ်ဝင်းထက်က စိတ်ပညာဌာန ဒုတိယနှစ်ကျောင်းသားဖြစ်ပါတယ်။
ဧပြီ ၂၈ရက်နေ့ကလည်း ကျောင်းသားများသမဂ္ဂရဲ့ ကော်မတီတာဝန်ခံ စတုတ္ထနှစ်ကျောင်းသား ကိုကောင်းခန့်နိုင်၊ ဒုတိယနှစ်ကျောင်းသားတွေဖြစ်တဲ့ ကိုဟိန်းထက်ဇော်၊ ကိုသီဟအောင် တို့နဲ့အတူ အသက် ၁၂ နှစ်အရွယ် မောင်သက်ပိုင်စိုး တို့ ၄ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်က ကျောင်းသား ကျောင်းသူ ၁၃ ယောက်အထိ အဖမ်းခံထားရပြီး အဲဒီထဲမှာ လက်နက်မှု၊ ဆူပူအောင်လှုံ့ဆော်မှု စတဲ့ ပုဒ်မတွေနဲ့ ထောင်ဒဏ် ၆နှစ်၊ ၃နှစ်နဲ့ ၂နှစ် ချမှတ်ခံထားရသူ ၇ ယောက် ရှိတယ်လို့ သိရပါတယ်။