သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး မြန်မာပြည်ကို ဒီနေ့လာမည်
2014.07.02

သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး Julie Bishop ဟာ မြန်မာနိုင်ငံကို သုံးရက်ကြာခရီးစဉ်အဖြစ် ဒီကနေ့ ရောက်ရှိမှာဖြစ်ပါတယ်။ ဒီခရီးစဉ်ဟာ မြန်မာနိုင် ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ဖို့၊ ပညာရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနဲ့ အမျိုးသမီးစွမ်းရည်မြှင့်တင်ရေးတွေမှာ ကူညီဆောင်ရွက် ဖို့ဖြစ်တယ်လို့ သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ကြေညာချက်မှာ ဖေါ်ပြထားတာပါ။
သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး နဲ့အတူ စီးပွားရေး မစ်ရှင် အဖွဲ့တစ်ဖွဲ့လည်းအတူလိုက်ပါလာမှာဖြစ်ပါတယ်။
HRW အပါအဝင် လူ့အခွင့်အရေးအဖွဲ့တွေကတော့ ဒီခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက်ဟာ နှစ်နိုင်ငံ ကုန်သွယ်ရေးနဲ့ စီးပွားရေးအပေါ်မှာသာ အလေးပေးနေပြီး၊ မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ပဓာနကျတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြုပြင်ရေးနဲ့ ပတ်သက်ပြီး ပြောဆို ထားတာမရှိတဲ့အတွက် ဝေဖန်ခဲ့ကြပါတယ်။
သြစတြေးလျ နိုင်ငံ၊ ဆစ်ဒနီမြို့အခြေစိုက် မြန်မာ့ရေးရာရုံး တာဝန်ခံ ဒေါက်တာမြင့်ချိုကလည်း အခုလို ပြောပါတယ်။
"ကျနော့်အနေနဲ့ အဓိကမြင်တာက နှစ်နိုင်ငံ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှှုကိစ္စတွေ သံတမန်ဆက်ဆံရေး တိုးမြှင့်မဲ့ ကိစ္စတွေကို အဓိကထားပြီး လုပ်မယ်လို့ ကျနော်ထင်ပါတယ်၊ ပိုပြီးတော့ ကျနော်တို့ အားမရတာ ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာပြည်သူတွေ တောင်းဆိုနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အဓိကပြဿနာဖြစ်တဲ့ ပုဒ်မ ၄၃၆ ကိုပြုပြင်ရေးနဲ့ ပတ်သက်ပြီးတော့ပေါ့ သဘောထားတစ်ခုမှ မထုတ်ပြန်တာ ကိုတော့ ကျနော်တို့ အားမလို၊ အားမရ ဖြစ်မိပါတယ်ခင်ဗျ"
သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး Julie Bishop ဟာ သမ္မတ ဦးသိန်းစိန်၊ အမျိုးသား ဒီမိုကရေစီအဖွဲကချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံကို လာရောက်တဲ့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးတွေထဲမှာ Ms. Julie Bishop ဟာ စတုတ္ထမြောက် ဖြစ်ပါတယ်။
သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်ပြီး ဆစ်ဒနီမြို့အခြေစိုက် မြန်မာ့ရေးရာရုံး တာဝန်ခံ ဒေါက်တာမြင့်ချို ကို ဦးသစ်ဆင်းက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။