ဖမ်းဆီးထိန်းသိမ်းခံ သတင်းသမားအချို့ ပြန်လည် လွတ်မြောက်

ရဲခေါင်မြင့်မောင်(ဝါရှင်တန်ဒီစီ)
2021.06.30

ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်း အာဏာသိမ်း ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်တဲ့အတွက် ဖမ်းဆီးထိန်းသိမ်း ခံထားရသူတွေထဲက ၂၂၉၆ ဦးကို မနေ့က ပြန်လွှတ်ပေးလိုက်ရာမှာ သတင်းသမားတချို့လည်း ပါဝင်ခဲ့ပါတယ်။ အလားတူပဲ စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းမှုခံရပြီး ရာဇဝတ်မှုပုဒ်မတွေနဲ့ စွဲဆိုခံထားရတဲ့ အခြား သတင်းထောက်အချို့ကတော့ ပြန်လွတ်လာတဲ့ အထဲမှာ မတွေ့ရပါဘူး။

ဇွန်လ ၃၀ ရက်နေ့က မြန်မာနိုင်ငံတဝန်းက အကျဉ်းထောင်တွေကနေ ပြန်လွှတ်ပေးလိုက်တဲ့ အကျဉ်းသား ၂၂၉၆ ဦး ရှိတယ်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ကြေညာထားပါတယ်။

ရန်ကုန်တိုင်း အင်းစိန်အကျဉ်းထောင်ကနေ ပြန်လွှတ်ပေးလိုက်တဲ့ အကျဉ်းသား ၇၂၁ ဦး ရှိခဲ့တဲ့အထဲမှာ အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြမှုတွေကို သတင်းယူရင်း ဖမ်းဆီးခံထားရတဲ့ သတင်းသမားအချို့လည်း ပါဝင်ပါတယ်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့က စမ်းချောင်းမြို့နယ်မှာ ဆန္ဒပြပွဲသတင်းယူရင်း ဖမ်းဆီးခံလိုက်ရတဲ့ မြန်မာနောင်း သတင်းထောက် မကေဇွန်နွေးက ဖမ်းဆီးထိန်းသိမ်း ခံရစဉ်အတွင်း ထိခိုက်ဒဏ်ရာရသူတွေအတွက် ကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရှိဘူးလို့ ဆိုပါတယ်။

kayzunenway.jpg
Myanmar Now သတင်းထောက် မကေဇွန်နွေးကို ဖေဖော်ဝါရီ ၂၇ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခဲ့စဉ်။(File Photo: AFP)

ဖေဖော်ဝါရီ ၁ရက်နောက်ပိုင်းမှာ အာဏာသိမ်း စစ်ကောင်စီက လူပေါင်း ၆၄၀၀ ကျော်ကို ဖမ်းဆီးခဲ့ရာမှာ သတင်းသမား ၉၀ လောက် အထိ ပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ပါတယ်။

မကေဇွန်နွေးနဲ့ အတူ ဖမ်းဆီးခံခဲ့ရတဲ့ 7 Day ဂျာနယ်က ကိုအောင်ရဲကို၊ MPA သတင်းဌာနက ကိုရဲမျိုးသန့်ဇော်၊ ဇီးကွက်သတင်းဌာနက ကိုဟိန်းပြည့်ဇော်၊ အလွတ်တန်း သတင်းထောက် ကိုဗညားဦးနဲ့ အလွတ်တန်းသတင်းထောက် ကိုစိုးရာဇာတို့လည်း လွတ်မြောက်လာတဲ့ အထဲမှာ ပါဝင်ပါတယ်။

ခုလို သတင်းမီဒီယာတွေကို ဖမ်းဆီးထိန်းသိမ်းနေတာဟာ သတင်းမီဒီယာဥပဒေကို လေးစားမှု မရှိတဲ့သဘော ဖြစ်တယ်လို့ 7 Day ဂျာနယ်က ကိုအောင်ရဲကိုက ပြောပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းတာခံခဲ့ရတဲ့ သတင်းသမားတွေထဲမှာ အေပီ သတင်းထောက် ကိုသိန်းဇော်၊ ကမာရွတ်မီဒီယာ အယ်ဒီတာချုပ် ကိုနေသန်မောင်၊ VOM သတင်းဌာနရဲ့ အယ်ဒီတာချုပ် ကိုနေမျိုးလင်းနဲ့ သတင်းထောက် ကိုရှိန်းအောင်၊ ချွန်းဂျာနယ် အယ်ဒီတာချုပ် ကိုကျော်နေမင်း တို့ဟာ ဇွန်လ ၃၀ရက်မတိုင်ခင် ပြန်လွှတ်ပေးတဲ့ အထဲမှာ ပါဝင်ပြီး၊ ဒီဗွီဘီ သတင်းထောက် ကိုအောင်ကျော်နဲ့ အလွတ်တန်း သတင်းထောက် ကိုဇော်ဇော်တို့ နှစ်ဦးကတော့ သတင်းအမှား ဖြန့်ချီတဲ့ အမှုနဲ့ ပြီးခဲ့တဲ့ ဇွန်လ ၃ရက်နေ့က မြိတ်မြို့ တရားရုံးကနေ ထောင်ဒဏ် နှစ်နှစ်စီ ချမှတ်ခဲ့ရတာပါ။

အလားတူ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ရာမညတိုင်းသတင်းဌာနက ကိုလင်းထွန်း၊ ဧရာဝတီတိုင်းက အလွတ်တန်း သတင်းထောက် ကိုရဝေမောင် နဲ့ မရွှေရည်ဝင်း၊ The voice က ကိုမင်းမင်းအောင်၊ မဇ္ဈိမ သတင်းဌာနက ကိုသန်းထိုက်အောင်၊ မြန်မာသံတောင်ဆင့် သတင်းထောက် ကိုရဲရင့်ထွန်း၊ ပြန်လွှတ်ပေးလိုက်တဲ့ ကိုနေသန်မောင် နဲ့အတူ ဖမ်းဆီးခံခဲ့ရတဲ့ ကိုဟန်သာညိန်း စတဲ့ သတင်းသမားတွေကတော့ လွတ်မြောက်လာတဲ့အထဲမှာ ပါမပါ မသိရသေးပါဘူး။

kayzunenwayyy.jpg
ဇွန်လ ၃ဝ ရက်နေ့က အင်းစိန်အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတဲ့ Myanmar Now သတင်းထောက် မကေဇွန်နွေး။ (Photo: RFA)

စစ်ကောင်စီကနေ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ နိုင်ငံခြားသတင်းထောက်တွေထဲမှာ ဂျပန်သတင်းထောက် ယူကီကီတာဇူမီ နဲ့ ပိုလန်နိုင်ငံသားသတင်းထောက် ရောဘတ် ဘိုစီရာဂါ တို့ကို ပြန်လွှတ်ပေးလိုက်ပေမယ့်၊ Frontier Myanmar ရဲ့ အယ်ဒီတာ ဒန်နီ ဖန်စတာကတော့ ထိန်းသိမ်းခံထားရဆဲ လို့ သိရပါတယ်။

ဇွန်လ ၂၉ရက် ညကလည်း စစ်ကောင်စီကနေ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ် ၅၀၅ နဲ့ ဖမ်းဝရမ်း ထုတ်ခံထားရတဲ့ အနုပညာရှင်နဲ့ ထင်ရှားကျော်ကြားသူတွေကို ဖမ်းဝရမ်းကနေ ပယ်ဖျက်ကြောင်း ကြေညာခဲ့ပါတယ်။

အခုလို စစ်ကောင်စီကနေ အကျဉ်းသားတွေ လွှတ်ပေးလိုက်တာနဲ့ ပတ်သက်ပြီး၊ ဒီလုပ်ရပ်ဟာ စစ်ကောင်စီအနေနဲ့ ဖိနှိပ်မှုတွေ လျော့ပေါ့ပေးလိုက်ပြီလို့ ထင်မြင်စေဖို့ ရည်ရွယ်တာ ဖြစ်ပေမယ့်၊ အမှန်ကတော့ ဒီထက်မက ပိုပြီး အရပ်သားပြည်သူတွေကို ဖမ်းဆီး ထိန်းသိမ်းတာ၊ နှိပ်စက်ညှဉ်းပန်း နှိပ်စက်တာတွေ လုပ်ဖို့ စီစဉ်နေတာဖြစ်ပြီး၊ အကျဉ်းထောင်ထဲမှာ ကျန်နေတဲ့သူတွေကိုလည်း ပိုပြီး ဆိုးဆိုးဝါးဝါး ညှဉ်းပန်းနှိပ်စက်တော့မှာ ဖြစ်တယ်လို့ ဇွန်လ ၃၀ရက်နေ့က ထုတ်ပြန်တဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။