မြန်မာလူထု မျှော်မှန်းချက် ဂျပန်လေးစား


2013.11.04

ကိုယ့်နိုင်ငံကိုယ် ပြန်လည်ထူထောင်ဖို့ ကြိုးပမ်းအားထုတ်နေကြတဲ့ မြန်မာပြည်သူတွေကို အားပေးကူညီထောက်ပံ့သွားမှာဖြစ်ပြီး၊ မြန်မာလူထုရဲ့ ဘယ်လို အနာဂတ်မျှော်မှန်းချက်ကိုမဆို လေးစားရမှာဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mikio Numata က ပြောပါတယ်။

အစိုးရအပြောင်းအလဲ ဖြစ်ပေါ်ပြီးချိန်ကစလို့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အပြောင်းအလဲတွေဟာ အံအားသင့်ရလောက်အောင် မြန်ဆန်လှပါတယ်၊ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး အပါအဝင် အရေးပါတဲ့ နိုင်ငံရေး စီးပွားရေး ခေါင်းဆောင်တွေ ဝင်လာမစဲ ဖြစ်နေတာကိုလည်း ရင်သပ်ရှုမော အံ့သြမိပါတယ်လို့ အသက် ၆၃ နှစ်အရွယ် ဂျပန်သံအမတ်ကြီးက ကျိုဒိုသတင်းဌာနနဲ့ တွေ့ဆုံရာမှာ ပြောကြားခဲ့ပါတယ်။

မစ္စတာ Mikio Numata ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် ဆောင်ရွက်ခဲ့တာပါ။ လာမယ့်နှစ်မှာ ဂျပန် မြန်မာ ဆက်ဆံရေး နှစ် ၆၀ ပြည့် အထိမ်းအမှတ်အနေနဲ့ နှစ်နိုင်ငံလူငယ်တွေ အပြန်အလှန် သွားလာလည်ပတ်ရေး အစီအစဉ်တစ်ရပ်ဖေါ်ဆောင်ဖို့ စိတ်ကူးနေတယ်လို့ ဆိုပါတယ်။

နှစ်နိုင်ငံ ပူးတွဲဆောင်ရွက်ရေးမှာ အရေးအကြီးဆုံးက လူငယ်တွေပါပဲလို့ ဂျပန်သံအမတ်ကြီး Mikio Numata က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။