ဂျပန် ဝန်ကြီးချုပ်နဲ့ စီးပွားရေးလုပ်ငန်းရှင် များ မြန်မာနိုင်ငံ ရောက်ရှိ
2013.05.24

ဂျပန်နိုင်ငံ ဝန်ကြီးချုပ် Shinzo Abe ဟာ နှစ်ပေါင်း ၃၆ နှစ်အတွင်း ပထမဆုံး ဂျပန်ဝန်ကြီးချုပ်တစ်ဦးရဲ့ မြန်မာနိုင်ငံခရီးစဉ်အဖြစ် ဒီနေ့ညနေ ၅ နာရီလောက်မှာ ရန်ကုန်မြို့ မင်္ဂလာဒုံလေဆိပ်ကို ရောက်ရှိလာပါတယ်။
မြန်မာနိုင်ငံမှာ သုံးရက်ကြာ နေထိုင်စဉ်အတွင်း ဝန်ကြီးချုပ် Shinzo Abe ဟာ သမ္မတဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်စတဲ့ ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။
မနက်ဖြန် မေလ ၂၅ ရက်နေ့ မနက်ပိုင်းမှာ သူဟာ ရန်ကုန်မြို့ တဘက်ကမ်းရှိ မြေဧက ၅၉၀၀ ကျယ်ဝန်းတဲ့ သီလဝါ အထူးစီးပွားရေးဇုန်ကို သွားရောက်ကြည့်ရှုဖို့ရှိပါတယ်။ ဒီနောက် နေ့လည်ပိုင်းမှာ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ စက်မှုလက်မှု ကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်း UMFCCI အဆောက်အဦးမှာ မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။
ဂျပန်ဝန်ကြီးချုပ်နဲ့အတူ ဂျပန်စီးပွားရေး လုပ်ငန်းရှင် အများအပြားလိုက်ပါလာပြီး နှစ်နိုင်ငံရင်းနှီးမြှပ်နှံမှုအတွက် သဘောတူညီချက်တွေ ချုပ်ဆိုကြမယ်လို့လည်း သိရပါတယ်။