နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုကြောင့် မြန်မာ့ စီးပွားရေး တိုးတက်
2013.06.22
မြန်မာနိုင်ငံမှာ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေက ဒေါ်လာ ငွေဘီလျံပေါင်းစွာ ရင်းနှီးမြှုပ်နှံ လာနိုင်တဲ့အတွက် နိုင်ငံခြား စီးပွားရေး လုပ်ငန်းတွေ လိုအပ်တဲ့ အခြေခံ အဆောက်အဦးတွေ ကောင်းမွန်လာပြီး မြန်မာနိုင်ငံရဲ့စီးပွားရေး ပြန်လည်တိုးတက်မှု ရရှိ လာလိမ့်မယ်လို့ အမေရိကန် အခြေစိုက် Int’l Business Times အွန်လိုင်း စာစောင်က ဒီကနေ့ ဖော်ပြလိုက်ပါတယ်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကြောင့် လာမယ့်နှစ်တွေအတွင်း မြန်မာနိုင်ငံဟာ စီးပွားရေး နိုးထလာနိုင်ပြီး၊ ဒေါ်လာ ၄၅ ဘီလျံလည်ပတ်နေတဲ့ စီးပွားရေးကနေ ၂ဝ၃ဝ ခုနှစ်အရောက်မှာ ဒေါ်လာ ၃ဝဝ ဘီလျံရှိတဲ့ စီးပွားရေးကို ပိုင်ဆိုင်တဲ့နိုင်ငံ ဖြစ်လာလိမ့်မယ်လို့ အမေရိကန်ပြည်ထောင်စုအခြေစိုက် ကမ္ဘာကျော် စီမံခန့်ခွဲရေး အကြံပေးအဖွဲ့ဖြစ်တဲ့ McKinsey ကုမ္ပဏီရဲ့ ခန့်မှန်းချက်တွေကို ကိုးကားဖော်ပြထားပါတယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိအခြေခံ အဆောက်အဦးပိုင်း နိမ့်ကျနေတာ၊ ကျွမ်းကျင်လုပ်သား နည်းပါးနေတာတွေရှိပေမယ့် ဂျပန်နဲ့ တောင်ကိုရီးယားတို့ဟာ များမကြာခင်ကာလမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ အဆင်ပြေတဲ့ အခြေအနေတွေရောက်ရှိအောင် အခြေခံ အဆောက်အဦးပိုင်းမှာကူညီဖို့ စီမံကိန်းကြီးတွေ ရှိနေတယ်လို့ ဆိုပါတယ်။
မကြာသေးခင်က မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးရဲ့ ခရီးစဉ်အတွင်း ဒေါ်လာ ၁ ဒသမ ၇ ဘီလျံဖိုး အကြွေးတွေလျှော်ပေးခဲ့သလို အခြေခံ အဆောက်အဦးတွေ တည်ဆောက်နိုင်အောင် နောက်ထပ် ၁ ဘီလျံခွဲကျော်ကို ထုတ်ချေးဖို့ ကတိပြုခဲ့ပါတယ်။
အလားတူ တောင်ကိုရီးယားနိုင်ငံဟာလည်း ရန်ကုန်မြို့နဲ့ ဒလမြို့ကို ဆက်သွယ်တဲ့ ချစ်ကြည်ရေး မြစ်ကူးတံတားတစ်စင်း တည်ဆောက်ပေးဖို့ရှိသလို တခြားအခြေခံအဆောက်အဦး ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာလည်း ကူညီပေးသွားဖို့ရှိတယ်လို့ သိရပါတယ်။